စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၃ နာရီ မိနစ် ၅၀ မှာ ဗုံး ၄ လုံး ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာကုန်းကြီးရွာသားတယောက်က “ဆေးရုံနဲ့ စာသင်ကျောင်းကို ကြဲချသွားတာ။ ထိခိုက်မှုမရှိဘူး။ ဆေးရုံနဲ့ စာသင်ကျောင်းတော့ ပျက်စီးတယ်။ မြေပြင်အနေအထားအရဆိုရင် ဘာတိုက်ပွဲမှလည်း မရှိဘူးနော်။ အကြောင်းမဲ့သက်သက်ကို ကြဲချတာပါ” လို့ ပြောပါတယ်။
ရွာကုန်းကြီးရွာဟာ ကျွန်းလှမြို့ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးနယ်မြေထဲက ကျေးရွာတရွာဖြစ်ပြီး စစ်တပ်ရဲ့ အကြိမ်ကြိမ် ဗုံးကြဲချခံနေရတဲ့ ကျေးရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ကျွန်းလှမြို့နယ် ပအဖ တာဝန်ရှိသူက “သူတို့(စစ်တပ်)က လူစည်ကားရာ၊ ဆက်သွယ်ရေး လမ်းဆုံကျရာ နေရာတွေဆိုရင် အကုန်ပတ်ပြီး လေယာဉ်နဲ့ ကြဲချနေတာပါပဲ။ အခုလည်း အကြောင်းမဲ့သက်သက်ကြီးကို ကြဲချတာ။ ဆေးရုံနဲ့ စာသင်ကျောင်းမှာ လူနာနဲ့ ကျောင်းသူ ကျောင်းသားတွေ မရှိလို့ ကံကောင်းသွားတာ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် တရက်တည်းမှာ စစ်ကိုင်းတိုင်းအတွင်းက ဗန်းမော်၊ ကသာ၊ ဝက်လက်၊ ပုလဲ စတဲ့မြို့နယ်တွေကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှု စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့တွေထံကနေ သိရပါတယ်။







