Home
မြန်မာသတင်း
စစ်တပ်နှင့် ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ခြင်းမရှိဟု KNU/KNLA(PC) ပြော
DVB
·
February 19, 2026

ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်ရရေး စစ်တပ်နဲ့ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်တာ မရှိသလို လက်နက်ကိုင်ပဋိပက္ခ အားကောင်းအောင် အားပေးတာမျိုး မရှိဘူးလို့  ကရင်လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ KNU/KNLA(PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေမှာ ၂ နှစ်နီးပါးကြာ ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်ရရေး စစ်တပ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

အဲဒီအဖွဲ့တွေထဲမှာ DKBA (ဗိုလ်ဘိ) အဖွဲ့၊ နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) တပ်ဖွဲ့တွေ ပါဝင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖြစ်တဲ့  ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) က ပါဝင်မှုမရှိဘူးလို့ KNU/KNLA(PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“လက်နက်ကိုင်ပဋိပက္ခထဲမှာ ဘယ်နေရာမှ ပါဝင်မှုကိုလည်း ပေါ်လစီအရလည်း မရှိဘူး၊ ညွှန်ကြားမှုအရလည်း မရှိဘူး၊ လုပ်ဆောင်ခဲ့တာတွေလည်း မရှိဘူး ဆိုတာက အရင်အတိုင်း ရှိနေပါတယ်။ သို့သော် ကြားတဲ့သတင်းတွေအရ လက်ရှိ ကျနော်တို့ တပ်မဟာ ၅ ဘက်မှာ ကျနော်တို့လူတွေ ပါဝင်ခဲ့တယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း ကျနော်တို့ ပြန်ပြီးတော့ ဖြေရှင်းချက် ထုတ်ထားတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းရာ  လျှော့ချတာ မဟုတ်ဘဲနဲ့ ပိုပြီးတော့ အားကောင်းစေမဲ့၊ ပိုပြီးတော့ ကျယ်ပြန့်စေမဲ့ ဘယ်လုပ်ရပ်မျိုးကိုမှ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ အားပေးဖို့၊ နောက်ပြီးတော့ လုပ်ဖို့ကိုင်ဖို့က ကျနော်တို့ဆီမှာ ရည်ရွယ်ချက်လည်း မရှိသလို ညွှန်ကြားချက်လည်း မရှိပါဘူး။ အရင်အတိုင်းပဲ ကျနော်တို့ ဆက်ပြီး ခိုင်ခိုင်မာမာသွားနေတယ် ဆိုတာကိုတော့ ပြောချင်ပါတယ်။”

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ လိုက်နာရမဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ရင် အရေးယူသွားမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

လက်ရှိမှာလည်း စစ်တပ်နဲ့အတူ DKBA (ဗိုလ်ဘိ) အဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့တွေက ကမမောင်း-ဖာပွန်လမ်းအတိုင်း စစ်ကြောင်းကြီးတကြောင်း၊ ယွန်းစလင်းချောင်းနဲ့ သံလွင်မြစ်ကြားကနေ စစ်ကြောင်းတကြောင်း အပါအဝင် စစ်ကြောင်းငယ်လေးတွေနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာပါ။

ဗိုလ်မှူးကြီး စောကလယ်ဒိုက “တလောတုန်းက သူတို့ ပြောလာတာ PC လည်း ပါတယ်။ KNA ပါတယ်လို့တော့ သတင်းပေးတဲ့သူတွေ ပေးတာ ရှိတာပေါ့။ ဒါပေမဲ့ ပြန်စိစစ်တဲ့အခါကျတော့ KNA နဲ့  PC  အဖွဲ့ကျတော့ မသေချာဘူး၊ သူတို့က။ မသေချာတဲ့အခါကျတော့ ဒါက ပါ မပါ ဆိုတာကတော့ သေသေချာချာ ပြောလို့မရသေးဘူးပေါ့။ ဒါပေမဲ့ DKBA အဖွဲ့ကတော့ သေချာတယ်၊ အတည်ပြုလို့ရတယ်” လို့ ပြောပါတယ်။

ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်ရရေး စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ရာမှာ ပါဝင်တာ ရှိ၊ မရှိကို ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါးဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013