မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက် ကော်မတီဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက် ကော်မတီရဲ့ တာဝန်ရှိသူက “စစ်တပ်စစ်ကြောင်းဝင်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေက ရေစကြိုရဲ့ အရှေ့တောင်ဘက်မှာ ရှိကြတဲ့ သမန္တပို့ အလယ်ရွာနဲ့ သမန္တပို့ တောင်ရွာတွေပါ။ သမန္တပို့ အလယ်ရွာက အိမ် ၂၅ လုံးနဲ့ သမန္တပို့ တောင်ရွာက အိမ် ၉ လုံး၊ ပြည်သူတွေရဲ့အိမ် စုစုပေါင်း ၃၄ လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီထက်လည်း ပိုနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုစာရင်းထဲမှာ စပါးကျီတို့၊ နွားတင်းကုပ်တို့ မပါသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မီးဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေသူ ရေစကြို ပကဖ ရဲဘော်တယောက်က “အဲဒီနေ့ မနက်အစောကြီးမှာ ရေစကြိုမြို့ပေါ်က စစ်သားနဲ့ ပျူ အင်အား ၁၀၀ လောက်က တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အရင်ပစ်တော့ ပြည်သူတွေ ထွက်ပြေးကြတယ်။ သူတို့တွေ ရွာထဲဝင်ပြီး အိမ်တွေထဲက ပစ္စည်းတွေကို သယ်ပြီးတော့မှ ရွာကို မီးရှို့သွားကြတာပါ။ နေ့လယ်ပိုင်းလောက်မှာ ပြန်ထွက်သွားကြတော့မှ ရွာသားတွေ ပြန်ဝင်ပြီး မီးငြှိမ်းကြရတယ်။ လောလောဆယ်တော့ မီးဘေးသင့်တဲ့ပြည်သူတွေက နီးစပ်တဲ့အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေထိုင်နေကြရတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီ ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း ရေစကြိုမြို့ပေါ်မှာရှိတဲ့ ခလရ ၂၅၈ တပ်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တမိုင်နီးပါးအကွာမှာရှိတဲ့ မုံညှင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၆၂ နှစ်အရွယ် ရွာခံအမျိုးသမီးတယောက် သေဆုံးခဲ့သလို တခြားရွာခံ ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတစီးက ရေစကြိုနယ်ထဲမှာရှိတဲ့ ချင်းယားကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးတွေကြဲချသွားတာကြောင့် ရွာခံ အမျိုးသမီး ၃ ယောက် သေဆုံးကာ ၈ နှစ်အရွယ် ကလေးတယောက် အပါအဝင် ၂ ယောက် ဒဏ်ရာရရှိပြီး လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။








