Home
မြန်မာသတင်း
BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့် လာရောက်ပူးပေါင်းဟု NUG ထုတ်ပြန် 
DVB
·
February 19, 2026
Photo: BNRA (ပုံဟောင်း)

ဗိုလ်နဂါး စစ်ကောင်စီတပ်ထံမှာ လက်နက်ချပြီး ပူးပေါင်းသွားပြီးနောက် သူခေါင်းဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဆီကို ချိတ်ဆက်အဖမ်းခံတာ၊ လာပူးပေါင်းတာနဲ့ လက်နက်ချတာတွေ လုပ်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တချို့ကို သက်ငယ်မုဒိမ်းမှု၊ တော်လှန်ရေးတပ်ဖွဲ့ဝင်ကို သတ်မှု၊ PDF ဂိတ်စခန်း စီးနင်းမှု စတဲ့ အမှု ၇ ခုအတွက် အမှုဖွင့်ထားတယ်လို့လည်း NUG ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဗိုလ်နဂါးခေါင်းဆောင်တဲ့  BNRA အဖွဲ့နဲ့ NUG လက်အောက်ခံ PDF အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂိတ်စခန်းတွေ အပြန်အလှန်စီးနင်းတာတွေ ဖြစ်ခဲ့ပါတယ်။ 

အဲဒီနောက် PDF တပ်ဖွဲ့ဝင်တယောက်ကို BNRA က ပစ်သတ်လိုက်အပြီးမှာတော့ PDF တပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ BNRA စခန်းကို သွားဝိုင်းခဲ့ပြီး အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်ချိန်မှာ  အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ပွဲဖြစ်ရာနေရာကို ဗုံးလာကြဲခဲ့ပါတယ်။ 

အဲဒီနောက် ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ မိသားစုနဲ့အတူ အာဏာသိမ်းစစ်တပ်ထံ လက်နက်ချပြီး ပူးပေါင်းသွားခဲ့တာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက NUG တပ်တွေနဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်တွေ ပုပ္ပါကျေးရွာနားမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ပစ်ခတ်မှုဖြစ်ရာ ဝန်းကျင်ကို လေကြောင်း ဗုံးကြဲခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ ဒီဖြစ်စဉ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနက အမှုဖွင့်ခံထားရတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကူအညီယူပြီး ပူးပေါင်းဆောင်ရွက်နေတာလို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က “ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူတွေကို ကျနော်တို့ လာရောက်အပ်နှံတာမျိုး၊ ဒါ ရာဇဝတ်မှု ဒီ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ကိုင်ဆောင်ရွက်တာ၊ ပူးပေါင်းဆောင်ရွက်တာမျိုး၊ ဒါမျိုးပဲ လုပ်ရမှာပေါ့နော်။ အဲဒီတော့ ဒီလိုအခြေအနေတော့ ရှိပါတယ်ဗျ။ ဒီအမှုတွေထဲမှာ ဒီ NUG ရဲ့ ဒီဂိတ်တွေကို ဝင်ရောက်စီးနင်းပြီးတော့ ကျနော်တို့ ဒါ ပစ်ခတ်တာမျိုးတွေပေါ့နော်။ အဲဒီဟာတွေလည်း ပါပါတယ်။ အမှုဖွင့်ထားတဲ့ထဲမှာလေ နော်။ နောက်ပြီးတော့ ကျနော်တို့ကို တိုင်ကြားထားတဲ့ထဲမှာ နောက်ပြီး အမှုဖွင့်ထားတဲ့ထဲမှာ ဗိုလ်နဂါးကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ အမှုတွေလည်း ရှိပါတယ်ဗျ” လို့ ပြောပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းက PDF ရဲဘော်တယောက် သေဆုံးခဲ့မှု အပါအဝင် အမှုပေါင်း ၁၀ ခုကျော်အတွက် ဗိုလ်နဂါး အပါအဝင် BNRA က ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေတာလို့ NUG ဘက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်က NUG ရဲ့ တိုက်ခိုက်မှုအတွင်း ရဲဘော် ၁၀ ယောက် ကျဆုံးသွားတယ်လို့ ဗိုလ်နဂါးက ပြောဆိုထားပါတယ်။

BNRA ရဲ့ ဖေဖော်ဝါရီ ၁၆ ရက် ထုတ်ပြန်ချက်မှာတော့ NUG လက်အောက်ခံ ပုလဲတပ်ရင်းက ရဲဘော်တချို့ဟာ လူသတ်မှု အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ပေမဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာနေကြောင်း ပြောထားပါတယ်။

ဒါ့အပြင် ဩဇာခံမှုကင်းလွတ်ပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးအဖြစ် ယုံကြည်ရမဲ့ ကြားခံအဖွဲ့အစည်းတခု ပူးပေါင်းဖွဲ့စည်းနိုင်ရင် ကြားနာမှုတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ ပြောခွင့်ရသူ CDM ဗိုလ်မှူး နောင်ရိုးကတော့ တရားရေးနဲ့ ဥပဒေပိုင်းတွေကို မပြောလိုပေမဲ့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး စစ်တပ်က သပ်လျှို သွေးခွဲ ဝါဒဖြန့်လာတဲ့အကြောင်း သတိပေးပါတယ်။

ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေးအရ အစီအမံတွေ ပြုလုပ်တဲ့အခါမှာ Local PDF တွေအနေနဲ့ ပူးပေါင်းဖို့လည်း အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

“NUG ဘက် အနေနဲ့လည်း ထိတွေ့ ချဉ်းကပ်တဲ့အခါမှာ ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ပြေလည်မဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့လိုသလို Local PDF တွေ အနေနဲ့လည်း အဲဒါ တစုတဖွဲ့ တစင် အနေအထားကနေပြီးတော့မှ သွားနေခြင်းထက် NUG တော်လှန်ရေး ဦးဆောင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လမ်းကြောင်းကို ဖော်ဆောင်ကြဖို့ လိုက်နာဆောင်ရွက်ကြဖို့ကလည်း အရေးကြီးလိမ့်မယ်လို့တော့ ကျနော်တို့ မြင်ပါတယ်ဗျ။”

ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ BNRA ဘက်က လာရောက်အဖမ်းခံသူတွေ ရှိသလို ပစ်ခတ်မှုလည်း လျော့ပါးလာပြီလို့ NUG ရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီကလည်း DVB ကို ပြောပါတယ်။

ဒေသခံတယောက်ကတော့ ပစ်ခတ်မှုတွေကြောင့် ပုပ္ပါ၊ ဇီးဖြူကုန်း၊ မောင်းတုံရွာတွေ အပါအဝင် ရွာပေါင်း ၅ ရွာထက်မနည်းက ပြည်သူတွေ နီးစပ်ရာကျေးရွာတွေဆီ စစ်ဘေးရှောင်ခဲ့ရပြီး တရွာကို လူထောင်ဂဏန်းရှိတယ်လို့ ပြောပါတယ်။

ပုလဲဒေသခံ စစ်ရှောင် အမျိုးသမီးတယောက်က “အဖွဲ့တွေအပေါ်ကို ပြည်သူတွေက လေးစားတယ် ပြောရမှာ။ ထွက်ဆို အကုန်ထွက်တာ၊ တယောက်မှမကျန်ခဲ့ဘူး။ သူတို့ကို ယုံကြည်တယ်။ ရှတာ ပျောက်တာ ဘာမှမရှိဘူး။ ဒါ စစ်တပ်ကို ခုခံတာ၊ ဟိုဟာလုပ်တာပဲ အကုန်လုံး တိုက်နေကြတဲ့ လူအချင်းချင်းကို။ ဒီလိုတွေဖြစ်တော့ စိတ်ကတော့ မကောင်းဘူးပေါ့။ တဖွဲ့ဖွဲ့က အလျှော့ပေးသွားရင် အဆင်ပြေတာပါ။ ပြည်သူလည်း အဆင်ပြေတယ်၊ သူတို့လည်း အဆင်ပြေတယ်။ ခုတိုင်းကတော့ အဲဒီလို ချိန်းပြီးများ ချနေမလားပေါ့၊ နည်းနည်းလည်းသွေးဆူ၊ ကျည်ဆန်တွေလည်း နှမြောတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တပ်တွေက ညကတည်းက ကြိုတင်အကြောင်းကြားတာကြောင့် ပစ္စည်းတွေ ယူချိန်ရလိုက်ပေမဲ့ ရက်ရှည်လာရင် စားဝတ်နေရေး ကျပ်တည်းလာနိုင်တယ်လို့လည်း ဒေသခံက ပြောပါတယ်။

ဒေသခံတွေကတော့ အခွန်ကောက်ခံမှုပုံစံတွေအပေါ် ဝေဖန်တာရှိသလို အချင်းချင်း တိုက်ခိုက်နေကြတာထက် မြန်မြန်ဆန်ဆန် ပြေလည်ပြီး သူတို့ရဲ့ နေရပ်ကို အေးအေးချမ်းချမ်း ပြန်လိုကြတယ်လို့ ပြောပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013