Home
မြန်မာသတင်း
KIA တပ်မဟာ ၄ ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
February 23, 2026

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ တပ်မဟာ ၂၊ ၃၊ ၈၊ ၉ နေရာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ လေကြောင်းနဲ့ အပြင်းအထန် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြစ်ကြီးနားလေဆိပ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်တစီး ဒရုန်းဗုံး ထိမှန်ခဲ့ပြီးနောက် ဝိုင်းမော်၊ ဆဒုံး၊ မိုးမောက်၊ မိုးညှင်း၊ ဖားကန့်နဲ့ တနိုင်းမြို့နယ်အတွင်းက KIA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးမောက်မြို့နယ်၊ ဘွမ်ကထောင်ရွာကို မနေ့ညက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

“မနေ့ည ၁၁ နာရီလောက်မှာလည်း ဘွမ်ကထောင်ရွာကို ဗုံးကြဲခဲ့တယ်။ အဲမှာ အသက်ကြီးပိုင်း အမျိုးသားတယောက် သေဆုံးသွားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ မနေ့ကလည်း အင်ဘာပါရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာရှိတယ်။ အခုရက်ပိုင်း လေယာဉ်က တောက်လျှောက်ကို ဝဲနေတာ။”

MNA ATR 72-600 လေယာဉ် ဒရုန်းဗုံး ထိမှန်ခဲ့တာဟာ KIA ပူးပေါင်းတပ်ရဲ့ လက်ချက်ဖြစ်ပြီး အပြင်းအထန် တုံ့ပြန်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် KIA ဌာနချုပ်အနီးတဝိုက်နဲ့ တခြားနေရာတွေကိုပါ လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲနေတာပါ။

ဖေဖော်ဝါရီ ၁၂ ရက်က မြစ်ကြီးနားလေဆိပ်အတွင်းထဲ ဒရုန်းတစီး ကျရောက်ခဲ့တာနဲ့ ဖေဖော်ဝါရီ ၂၀ ရက်က MNA လေယာဉ် ဒရုန်းထိမှန်ခဲ့တဲ့ ဖြစ်စဉ်နှစ်ခုလုံးကို KIA က အမိန့်ပေး စေခိုင်းခဲ့တာ မရှိဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးညှင်းမြို့နယ် အတွင်းမှာ စစ်ရေးတင်းမာနေပြီး မကြာခဏ အပြန်အလှန် ထိုးစစ်ဆင်ကာ ကာကင်းစခန်းတွေ သိမ်းပိုက်တာ ရှိပေမဲ့ တပ်စခန်း ကြီးကြီးမားမား လက်လွတ်ဆုံးရှုံးတာနဲ့ သိမ်းပိုက်တာမျိုး မရှိသေးဘူးလို့ KIA ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013