
ကချင်ပြည်နယ်မြို့တော်ရှိ မြစ်ကြီးနားလေဆိပ်မှာ ခရီးသည် လေယာဉ် ဒရုန်းဗုံး ထိမှန်ခဲ့တာဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ KIA က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် မနေ့ ည ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဝန်းအတွင်းမှာ တည်ရှိတဲ့ မြစ်ကြီးနားလေဆိပ်မှာ မြန်မာအမျိုးသားလေကြာင်း (MNA) လေယာဉ်ရဲ့ ကိုယ်ထည် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဗုံးစထိမှန်ခဲ့တာပါ။
စစ်တပ် အသုံးပြုနေတဲ့ လေတပ်နဲ့ လေယာဉ်တွေကို စစ်ရေးအရ တိုက်ခိုက်တာမျိုး ရှိပေမဲ့ အရပ်သား အသုံးပြုတဲ့ လေယာဉ်တွေကို တိုက်ခိုက်ဖို့ မူဝါဒ မရှိဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
“ကျနော်တို့ KIO/KIA ရဲ့ မူလည်း ပြည်သူလူထုရှိတဲ့ နေရာတွေ ပြည်သူလူထု စီးနင်းနေတဲ့ လေယာဉ်တွေကို တိုက်ခိုက်ဖို့ ညွှန်ကြားတာ မရှိဘူး။ KIA က ပစ်တယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ စစ်တပ်ပိုင်တဲ့ လေကြောင်းကို တိုက်ခိုက်တာတော့ ရန်သူကို တိုက်ခိုက်တာပေါ့။ ဒါပေမဲ့ ပြည်သူလူထု စီးနေတဲ့ လေယာဉ်ကို ပစ်ဖို့က ကျနော်တို့ဆီမှာ ပေါ်လစီ မရှိဘူး။”
လေယာဉ် ဗုံးထိမှန်ပြီးနောက် ညသန်းခေါင်အထိ မပခ ကနေ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီး ကျည်တလုံး စီတာပူရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်လည်း ပျက်စီးသွားပါတယ်။
အလားတူ မနေ့ညကစပြီး ဒီနေ့အထိ KIA ဌာနချုပ် လိုင်ဇာနားက တပ်စခန်းနဲ့ ဖားကန့် တပ်မဟာ (၉) အောက်က တပ်စခန်းနေရာတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲ အခြေနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မြစ်ကြီးနား လေဆိပ်အတွင်းမှာ အသေခံဒရုန်း ကျရောက်ခဲ့တာဟာ KIA ပူးပေါင်းတပ်က လုပ်ဆောင်တာ မဟုတ်ဘူးလို့ KIA က ငြင်းဆိုထားပါတယ်။
မပခနဲ့ ၃ မိုင်အကွာ နန်ပေါင်ရွာက စစ်တပ် လေတပ်စခန်းကို KIA ပူးပေါင်းတပ်က ရှော့တိုက်ဒုံး၊ ဒရုန်းနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိပေမဲ့ မပခ ရုံးချုပ်နဲ့ ကပ်လျက်ရှိနေတဲ့ အရပ်သားသုံး လေဆိပ်ကိုတော့ ဦးတည် တိုက်ခိုက်တာမျိုး မရှိဘူးလို့ KIA က ပြောပါတယ်။
စစ်ကောင်စီတပ်ပြန်ကြားရေးကတော့ မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ပိုင် ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ် တစင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက FPV suicide drone နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။


