Home
မြန်မာသတင်း
စစ်တပ်လေကြောင်းရန်အတွက် ဖုန်းကနေအချက်ပေးမည့် ဝေဟင်ကင်းထောက်စနစ်
DVB
·
February 23, 2026

စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကို မိမိဖုန်းကနေ အချက်ပေးမဲ့စနစ်ဖြစ်တဲ့ ဝေဟင်ကင်းထောက်စနစ် (Warning System) ကို စတင်အသုံးပြုနိုင်လို့ ဝေဟင် လေကြောင်းကင်းထောက်အဖွဲ့က မကြာသေးခင်ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဖုန်းထဲက‌နေ အချက်ပေးမဲ့စနစ်ကိုတော့ ဖုန်းအက်ပလီကေးရှင်းအနေနဲ့ မဟုတ်ဘဲ ဝက်ဘ်ဆိုက်ထဲမှာ ပြုလုပ်ရတာဖြစ်ပြီး အင်တာနက် Browser တခုခုကနေ www.waihinscout.com လို့ ရိုက်နှိပ်ပြီး ဝင်ရမှာဖြစ်ပါတယ်။

ပြီးတော့ Alert Settings ထဲကိုဝင်ပြီး ကိုယ်နေထိုင်ရာ၊ ဒါမှမဟုတ် ကိုယ်ရွေးချယ်ချင်တဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်တို့ကို ရွေးချယ်ပြီးရင် သတ်မှတ်အကွာအဝေးကို ရွေးချယ်ရမှာဖြစ်ပါတယ်။

အဲဒီစနစ်ဟာ ကိုယ်နေထိုင်ရာ မြို့နယ်ရဲ့ ပတ်လည် ၈၀ ကီလိုမီတာကနေ ၁၀၀ ကီလိုမီတာအတွင်း လေယာဉ်ချဉ်းကပ် ဝင်ရောက်လာတာနဲ့ တပြိုင်နက် ဖုန်းကနေတဆင့် အချက်ပေးသံမြည်ပြီး အသိပေးမှာလည်း ဖြစ်ပါတယ်။

ကီလိုမီတာ ၁၀၀ အကွာအဝေးကို ရွေးချယ်ထားမယ်ဆိုရင်တော့ ကိုယ်ရွေးချယ်ထားတဲ့မြို့ရဲ့ ၁၀၀ ကီလိုမီတာကို လေယာဉ်ရောက်လာချိန်မှာ ပုန်းရှောင်ဖို့ အချိန် ၈ မိနစ်လောက်ရမယ်လို့ သိရပါတယ်။

ဒီလို ကြိုတင်အချက်ပေးစနစ်ကြောင့် ကြိုတင်ပြင်ဆင်ချိန် ရရှိနိုင်ပြီး အသက်အန္တရာယ် ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်တယ်လို့ ညောင်ဦးမြို့နယ် စစ်ရှောင်တယောက်က ပြောပါတယ်။

“အဲဒီစနစ်လေးရှိရင် ပိုကောင်းတာပေါ့၊ စစ်ဘေးရှောင်တွေဆိုလည်း အခု ဒီဘက်မှာဆို လေယာဉ်က ပိုပြီးတော့ စိုးရိမ်စရာရှိတယ်လေ။ နောက်ပြီးတော့ မြေပြင်မှာရှိနေတဲ့ အဖွဲ့အစည်းလေးတွေ အဲဒီ အချက်ပေးစနစ် ရှိနေရင် ကြိုပြီးတော့ ပြင်ဆင်လို့ရတယ်။ အသက်အန္တရာယ် အများကြီး ဆုံးရှုံးမှု မရှိဘဲ သက်သာမယ်ပေါ့နော်။ ဒီအတွက် ကတုတ်ကျင်းတွေ ဘာတွေ တူးထားတာတွေတော့ ရှိကြတယ်။ ဒါပေမဲ့ အချက်ပေးစနစ်လေး ရှိမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေတယ်။ အဖွဲ့အစည်းအားလုံးနဲ့လည်း အချိတ်အဆက်ရပြီး ရှောင်နိုင် ရှားနိုင်မယ်ပေါ့။”

ဝေဟင်ကင်းထောက်စနစ်မှာ ရွေးချယ်ထားတဲ့ မြို့အလိုက် စောင့်ကြည့်မဲ့ မြို့အရေအတွက်မတူဘဲ နီးစပ်ရာမြို့တွေကိုလည်း စာရင်းမှာ အလိုအလျောက် ထည့်ပေးထားပါတယ်။

ဝက်ဘ်ဆိုက်ရဲ့ ညာဘက်အပေါ်ထောင့်က အစက် ၃ စက်ကိုနှိပ်ပြီး Add to Home Screen ကို နှိပ်ထားရင်တော့ ဖုန်းရဲ့စကရင်မှာ အက်ပလီကေးရှင်းတခုလို ပေါ်နေမှာဖြစ်ပြီး Browser ကို ပိတ်ပစ်မိတာမျိုးကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဝေဟင်လေကြောင်းကင်းထောက်အဖွဲ့ဟာ စစ်ကောင်စီရဲ့ လေယာဉ်တွေ လေဆိပ်တွေက တက်လာတာနဲ့ မြေပြင်က သတင်းပေးနေသူတွေဆီက ရလာတဲ့သတင်းကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်ချန်နယ်တို့ကနေ ထုတ်ပြန်ပေးနေပြီး အခုကတော့ အလိုအလျောက် သတိပေးတဲ့ စနစ်ကိုပါ ဖန်တီးလာတာ ဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးတာအပြင် ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ၊ Y-12 စတာတွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏဆိုသလို ကြုံတွေ့နေရတာကြောင့် ဒီလို အချက်ပေးစနစ်က လိုအပ်တယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“ဒီဘက်ခြမ်းမှာ‌တော့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဘက်ခြမ်းမှာတော့ နေရာအနှံ့ပြားတွေပဲ လိုတယ်ရှင့်။ ဒီဘက်က စစ်ကြောင်းထိုးတာတွေရော၊ ပါရာမော်တာ လာတာတွေရော၊ Y-12 လာတာတွေရော၊ စုံလို့ပေါ့။ အဓိကကတော့ စာသင်ကျောင်းလေးတွေအတွက် လိုအပ်တာပေါ့။ ဒီဘက်မှာ သပိတ်တို့ ဘာတို့လုပ်ရင်လည်း လေကြောင်းနဲ့ တိုက်ခိုက်မှုတွေလည်းရှိတယ်။ နောက်ပြီးတော့ အခု စခန်းတခုမှာ မီတင်လုပ်နေတဲ့ အချိန်တွေ ဘာတွေတို့ တိုက်ခိုက်ခံရတယ် အဲလိုမျိုးတွေရော။ နောက်ပြီးတော့ သူတို့ ထင်တဲ့နေရာကို ရမ်းသန်းချတဲ့ ပုံစံမျိုးဆိုတော့ ကလေးသူငယ်တွေရော လူကြီးတွေရော ထိခိုက်မှု ရှိပါတယ်။ ဆရာ၊ ဆရာမတွေလည်း ထိခိုက်တာ ရှိပါတယ်။”

စစ်တပ်လေကြောင်းဖိနှိပ်တာခံရတဲ့ ဒေသတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ သတိပေး အချက်ပြတဲ့ ကိုယ်ထူကိုယ်ထ စနစ်တွေကနေ အခုလို နည်းပညာသုံးစနစ်ထိ တိုးတက်လာမှုတွေ ဖြစ်လာတာပါ။

ဒါပေမဲ့ တဖက်မှာလည်း စစ်အုပ်စုဟာ စစ်ရေးအရ ဖိနှိပ်လိုတဲ့ ဒေသတွေကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်တာတွေ တင်းကျပ် ပြုလုပ်နေတဲ့အတွက် လေကြောင်းရန် ကာကွယ်ရေးဟာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ဝေဟင်လေကြောင်းကင်းထောက်အဖွဲ့ဟာ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ဖေ့စ်ဘွတ်ခ်နဲ့ တယ်လီဂရမ်တို့ကနေ သတိပေးတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီစနစ်ဟာ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ချင်းနဲ့ ကချင်ဒေသတွေမှာ အကျိုးပြုမှု အားကောင်းမှာ ဖြစ်ပေမဲ့ သတင်းပေးပို့မှု အားနည်းနေသေးတဲ့ ရခိုင်၊ ကရင်၊ ဧရာဝတီ၊ ရှမ်း၊ ပဲခူး၊ ကရင်နီနဲ့ မြန်မာပြည်တောင်ပိုင်းဒေသတွေမှာတော့ ထိရောက်မှု အားနည်းနိုင်သေးတယ်လို့ သိရပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013