
စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ဖုန်းကနေ သတိပေးနိုင်မဲ့စနစ်ကို စတင်အသုံးပြုနိုင်ပြီလို့ ဝေဟင်လေကြောင်းကင်းထောက်အဖွဲ့က ထုတ်ပြန်ပါတယ်။
ဝေဟင်လေကြောင်းကင်းထောက်အဖွဲ့ဟာ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ဖေ့စ်ဘွတ်ခ်ကနေ သတိပေးတဲ့ လှုပ်ရှားမှုကို လုပ်လာခဲ့တာပါ။
အခုစနစ်ကတော့ ကိုယ်သတ်မှတ်ရွေးချယ်ထားတဲ့ မြို့နယ်ရဲ့ သတ်မှတ်အကွာအဝေးကို လေယာဉ်တွေရောက်လာရင် အလိုအလျောက် သတိပေးနိုင်အောင် ဝေဟင်အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်ထဲကို ဝင်ပြီး ချိန်ညှိထားရမှာဖြစ်ပါတယ်။
ဖုန်းအက်ပလီကေးရှင်းအနေနဲ့မဟုတ်ဘဲ ဝက်ဘ်ဆိုက်ထဲမှာပြုလုပ်ရတာဖြစ်ပြီး အင်တာနက် Browser တခုခုကနေ www.waihinscout.com ကို ဝင်ရမှာဖြစ်ပါတယ်။
ပြီးတော့ Alert Settings ထဲကိုဝင်ပြီး ကိုယ်နေထိုင်ရာ၊ ဒါမှမဟုတ် ကိုယ်ရွေးချယ်ချင်တဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်တို့ကိုရွေးချယ်ပြီးရင် သတ်မှတ်အကွာအဝေးကို ရွေးချယ်ရမှာဖြစ်ပါတယ်။
ကီလိုမီတာ ၁၀၀ အကွာအဝေးကို ရွေးချယ်ထားမယ်ဆိုရင်တော့ ကိုယ်ရွေးချယ်ထားတဲ့မြို့ရဲ့ ၁၀၀ ကီလိုမီတာကို လေယာဉ်ရောက်လာချိန်မှာ ပုန်းရှောင်ဖို့ အချိန် ၈ မိနစ်လောက်ရမယ်လို့ သိရပါတယ်။
ရွေးချယ်ထားတဲ့ မြို့အလိုက် စောင့်ကြည့်မဲ့မြို့အရေအတွက်မတူဘဲ နီးစပ်ရာမြို့တွေကိုလည်း စာရင်းမှာ အလိုအလျောက်ထည့်ပေးတာကို တွေ့ရပါတယ်။
ဝက်ဘ်ဆိုက်ရဲ့ ညာဘက်အပေါ်ထောင့်က အစက် ၃ စက်ကိုနှိပ်ပြီး Add to Home Screen ကို နှိပ်ထားရင်တော့ ဖုန်းရဲ့ စကရင်မှာ အက်ပလီကေးရှင်းတခုလိုပေါ်နေမှာဖြစ်ပြီး Browser ကို ပိတ်ပစ်မိတာမျိုးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ဝေဟင်လေကြောင်းကင်းထောက်အဖွဲ့ဟာ စစ်ကောင်စီရဲ့ လေယာဉ်တွေ လေဆိပ်တွေက တက်လာတာနဲ့ မြေပြင်က သတင်းပေးနေသူတွေဆီက ရလာတဲ့သတင်းကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်ချန်နယ်တို့ကနေ ထုတ်ပြန်ပေးနေပြီး အခုကတော့ အလိုအလျောက် သတိပေးတဲ့စနစ်ကိုပါ ဖန်တီးလာတာ ဖြစ်ပါတယ်။
တော်လှန်ရေးနယ်မြေတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရှောင်ရှားနိုင်ဖို့ နည်းလမ်းအမျိုးမျိုး သုံးနေကြပြီး တချို့ကတော့ ကာကွယ်ရေးနည်းလမ်းကိုလိုက်နာကြတာ အားနည်းတာကိုလည်း တွေ့ရပါတယ်။


