
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်တပ်က ညအချိန်ပေါ်တာဆွဲတာကြောင့် အခု ဖေဖော်ဝါရီလအတွင်း လူငယ် လူလတ် အယောက် ၅၀ လောက် ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါ်တာဆွဲခံရသူတွေထဲမှာ Non-CDM ဝန်ထမ်းတွေရဲ့ သားသမီးတွေ၊ လုပ်ငန်းရှင်တွေရဲ့ သားသမီးတွေလည်း ပါပြီး သူတို့ကိုတော့ ငွေကျပ် သိန်း ၅ဝ ကနေ သိန်း ၁၀၀ အထိနဲ့ ပြန်ရွေးခိုင်းသလို ကျန်တဲ့သူတွေကိုတော့ ရပ်စောက်မှာရှိတဲ့ ဗထူးတပ်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “အရင်ရက်ကပဲ နန္ဒဝန်ဘက်ပဲ တော်တော်များများပါသွားတယ်။ အယောက် ၂၀ လောက်၊ တယောက်က နာမည်ကြီးဆိုင်ကသူ ဖြစ်လို့ သူ့ကိုထားခဲ့ပြီး ကျန်တာ ရပ်စောက်ပို့၊ အဲဒီတယောက်ကို သိန်း ၁၀၀ နဲ့ ရွေးခိုင်းတယ်။ သူ့အိမ်က မရွေးတော့ ရှေ့ရက်က ရပ်စောက်တပ် ပို့လိုက်ပြီ။ သူက ကျနော်နဲ့ ငယ်ပေါင်း။ မှောင်တဲ့ လမ်းကြားတွေ၊ အုတ်ခုံပေါ် ထိုင်နေတာတွေ၊ တယောက်တည်း သွားနေတာတွေ အမေးမြန်းမရှိတဲ့၊ ဘာမှ ရှင်းပြမရဘူး” လို့ ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေကနေ စစ်မှုထမ်းဖို့ ပေးရမဲ့သူတွေ များနေပြီး တကယ်တမ်း မပေးနိုင်တာကြောင့် အခုလို ပေါ်တာဆွဲနေတာလို့လည်း သူက ပြောပါတယ်။
ဖမ်းဆီးတဲ့အခါမှာလည်း ချမ်းမြရပ်ကွက်နဲ့ ရွှေတောင်ရပ်ကွက်တို့မှာ ကင်းထောက်ဒရုန်းတချို့နဲ့ ကင်းထောက်ပြီး လူပြတ်ချိန် ကားနဲ့ တင်သွားတာ၊ တိတ်ဆိတ်တဲ့နေရာတွေမှာ ရွေးဖမ်းတာ၊ ပေါ်တာဆွဲတာကို မြင်တဲ့သူတချို့ကိုလည်း ဝင်မပါဖို့၊ ဝင်ပါရင် တခါတည်း ခေါ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝါးပြားလမ်းဆုံအနီးတဝိုက်၊ မင်္ဂလာရာမကျောင်းတိုက်နား၊ စဝ်စံထွန်းဈေးအရှေ့ဘက်၊ ချမ်းမြ view point၊ ရွှေတောင် အနောက်ခြမ်း၊ ကံသာ နိဗ္ဗာန်လမ်းဆုံအနီးတဝိုက်၊ ၂၁၂ တပ် တောင်ဘက်၊ ဖရဲ အတက်၊ ရတနာသီရိ အထက ၉ အနီးတဝိုက်၊ မီးပုံးပျံကွင်း စတဲ့ နေရာတွေမှာ ည ၈ နာရီကနေ ၁၁ နာရီကြားမှာ ပေါ်တာဆွဲတာများတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြို့ပေါ် ရပ်ကွက်တချို့မှာ အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းစာရင်း စတင်ကောက်ခံတာတွေ ရှိနေပြီး အသက် ၁၈ နဲ့ ၂၇ ကြားက ကျောင်းသူမဟုတ်တဲ့သူ၊ ဝန်ထမ်းမဟုတ်တဲ့သူ၊ အိမ်ထောင်ကျထားသူတွေကို ဖယ်ပြီး စာရင်းကောက်နေတယ်လို့ သိရပါတယ်။


