
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီက အင်အားသုံး နယ်မြေထိန်းချုပ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ရွေးကောက်ပွဲအလွန်မှာ မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေနဲ့ ဆက်စပ်သူတွေကို နာမည်နဲ့တကွ လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဇန်နဝါရီ တတိယအပတ်မှာ မိုးကုတ်မြို့ကို ပြန်လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မန္တလေးတိုင်းထဲက ထိန်းချုပ်နယ်မြေ အများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက် လက်လွှတ်ခဲ့ရတာပါ။
တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ကို ၂၀၂၅ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့ပြီး သပိတ်ကျင်းမြို့ကိုတော့ ၂၀၂၅ ဇူလိုင် ၂၂ ရက်မှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း ကျွန်းကြီး-ကျွန်းတော်ဘက်မှာ ရောက်ရှိနေတဲ့ စကစတွေကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့တော့ ပတ်ဝန်းကျင် ရမ်းသန်းပစ်ခတ်တာတွေ ရှိတယ်ဗျ။ မတ္တရာမြို့နယ်ထဲမှာရှိတဲ့ စကစတွေကတော့ တော်တော်သောင်းကျန်းတယ်ဗျ။ တချို့ပြည်သူတွေ ကိုယ့်ရွာကိုယ် ပြန်ဝင်တာတောင်မှ ကိုယ့်အိမ်ကိုယ် အိမ်ငှားခပေးနေရမဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ တချို့ရွာတွေဆိုရင် အိမ်တအိမ်ကို ၂ သောင်း၊ ၃ သောင်း တောင်းတာတွေ ရှိတယ်။ တချို့ ရွာကြီးရင် ကြီးသလို သိန်း သုံးလေးဆယ်အထိကို သူတို့ ဆက်ကြေးကောက်နေတာတွေ ရှိတယ်။ ရပ်ရွာတွေမှာ တော်လှန်ရေးလုပ်ခဲ့တဲ့ လူတွေကို နာမည်အတိအကျတွေနဲ့ လိုက်လံဖမ်းဆီး ရိုက်နှက်နေတယ်လို့လည်း သတင်းရတယ်။ တချို့ နေခဲ့တဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေပေါ့ဗျာ။ တချို့ကိုကျတော့လည်း အဖွဲ့ဝင်မဟုတ်ဘဲ သက်သက်မဲ့ ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်စပ်အထိ လမ်းပိုင်းဖြစ်တဲ့ မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းပိုင်းကို ပြန်ဖွင့်နိုင်ကြောင်း ဇန်နဝါရီလကုန်ပိုင်းမှာ သတင်းတွေ ထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်သားတွေ ပုံမှန်သွားလာနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။
မန်း-မကွေး နယ်စပ်မှာရှိနေတဲ့ မြင်းခြံ-နွားထိုးကြီး မြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ထိတွေ့မှု ဆက်တိုက်ရှိနေဆဲ ဖြစ်ပါတယ်။
မြင်းခြံခရိုင်တပ်ရင်း-၇ မှ ဗိုလ်ဇီးရိုးက “ကျနော်တို့က ဘာလုပ်သင့်တယ် ဆိုတာမျိုး စစ်ရေးအမြင်အရ အဲဒီရှုထောင့်ကနေ လုပ်ဆောင်နေတာရှိတယ်။ နောက် ဖြည့်တင်းနေတယ်ပေါ့။ အဓိကကတော့ ကျနော်တို့က အားရှိမှ လုပ်နိုင်မှာလေ။ ပြည့်စုံမှုအားနည်းနေတော့ ကျနော်တို့က လုပ်နိုင်စွမ်း သိပ်မရှိဘူးပေါ့။ အဲဒီအတွက် အချိန်ယူပြီးတော့ ပြင်ဆင်နေတာတွေ ရှိတယ်ပေါ့။ လုပ်နိုင်တဲ့နေရာမှာ ရှိတဲ့ခဲယမ်းတွေနဲ့ အရန်ခဲယမ်းတွေ သက်စောင့်ကျည်တွေ ပို့ထားတာ ရှိတယ်ပေါ့။ တိုက်ကိုတိုက်ရမှာပဲ၊ အာဏာရှင် မပြုတ်မချင်းကတော့ ကျနော့်ခံယူချက်က ဒီအတိုင်းပါပဲ။ အချိန်တိုင်း တော်လှန်ရေးအသိ၊ သတိနဲ့ လှုပ်ရှားနေတယ်။ တောက်လျှောက် တော်လှန်ရေးဆိုတဲ့ အသိတရားနဲ့ပဲ သွားနေတယ်။ အားကောင်းအောင်တော့ ကြိုးစားရမှာပေါ့။ ဘယ်သူမှ ထောက်ပံ့သော်ရှိ မထောက်ပံ့သော်ရှိ ကိုယ့်အားကိုယ်နဲ့လည်း ပြည်သူနဲ့အတူ ရုန်းရမှာပဲ။ ကျနော်ကတော့ ပြောက်ကျားစစ်ကို အားသန်တာဖြစ်တဲ့အတွက် တောက်လျှောက်တိုက်ခိုက်ဖို့ အမြဲ သန္နိဋ္ဌာန်ချပြီးသားပါ။ အမြဲတမ်းလည်း ပြင်ဆင်နေလျက်ပါပဲ” လို့ ပြောပါတယ်။
မန္တလေးတိုင်း ၂၈ မြို့နယ်ထဲက ၂၅ မြို့နယ်မှာသာ ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကောင်စီက ကြေညာခဲ့ပြီး စဉ့်ကူး၊ နွားထိုးကြီးနဲ့ မိုးကုတ်မြို့နယ်တွေကတော့ ရွေးကောက်ပွဲအပိုင်း ၃ ခုစလုံးရဲ့ စာရင်းမှာ မပါဝင်ခဲ့ပါဘူး။
၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း ၁ ကို နိုင်ငံတဝန်း ၁၀၂ မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း ၂ ကို မြို့နယ် ၁၀၀ မှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ မှာ မန္တလေးတိုင်းထဲက မြို့နယ် ၈ ခု၊ အပိုင်း ၂ မှာ မြို့နယ် ၉ ခု ပါဝင်ပြီး အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ လက်ကျန် ၆၁ မြို့နယ်မှာ ဆက်လုပ်မယ်လို့ ကြေညာခဲ့ပြီး မန္တလေးတိုင်းထဲက မြို့နယ် ၈ ခု ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီက မြို့နယ်အလိုက် ရွေးကောက်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပေမဲ့ မြို့နယ်တိုင်းကို လွှမ်းခြုံနိုင်တဲ့ မဲရုံတွေနဲ့ မဲပေးစနစ်တွေကို မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သုတချမ်းသာ


