Home
မြန်မာသတင်း
တမူးမြို့နယ်၌ တပ်သားသစ် စုဆောင်းမှုများ ဆက်ရှိနေ
DVB
·
February 19, 2026

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်းတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အဓမ္မပေါ်တာဆွဲတာတွေကို ဖော်ထုတ် အရေးယူသွားမှာ ဖြစ်ပေမဲ့ တပ်သားသစ်စုဆောင်းတာကတော့ ဆက်ရှိနေဦးမယ်လို့ တမူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ က ပြောကြားလိုက်ပါတယ်။

တမူးမြို့နယ်ထဲက NUG အစိုးရလက်အောက်ခံ အမှတ် ၁ စစ်ဒေသ တမူးခရိုင်တပ်ရင်းတွေဟာ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေက ဒေသခံအမျိုးသားတွေကို ပေါ်တာဆွဲတာတွေ၊ ညအချိန်မတော် အိမ်ပေါ်ထိ တက်ဖမ်းတာတွေ လုပ်နေလို့ဆိုပြီး တမူးမြို့နယ်ထဲက မင်းသမီးရွာ၊ ဇီးဖြူကုန်းကျေးရွာနဲ့ ရွာသာကျေးရွာ စတဲ့ ရွာ ၅ ရွာက ဒေသခံအမျိုးသမီးတွေဟာ ဆန္ဒပြနေကြတာပါ။

ဖေဖော်ဝါရီ ၁၅ ရက်ကတည်းက အဲဒီလို ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပြီး တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကတော့ အဓမ္မတပ်သားသစ်စုဆောင်းတာမျိုး ရှိခဲ့ရင် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပေမဲ့ စစ်ရေးအရ တပ်သားသစ် စုဆောင်းတာကိုတော့ ရပ်မှာမဟုတ်ဘူးလို့ DVB ကို  ပြန်လည်ဖြေကြားခဲ့ပါတယ်။

တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ဒီဆန္ဒပြမှုဖြစ်စဉ်မှာ တကယ့်အစစ်အမှန် နစ်နာတဲ့သူတွေလည်း ပါသလို ကျနော်တို့ တချို့တွေက PDF NUG အစိုးရ ယန္တရားနဲ့ PDFတပ်မတော်ကို ပုံရိပ်ကို ထိုးချအောင် လုပ်ချင်လို့ ဆန္ဒပြတဲ့အရာတွလည်း ပါတယ်။ PDF တွေက ခြိမ်းခြောက်ပြီးတော့ ရိုက်နှက် စသည်ဖြင့် ဒီလိုမျိုးပုံစံ လုပ်တာတွေရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ စစ်ဆေးဖော်ထုတ် အရေးယူသွားမှာပါ။ ဒီလို အရေးယူတာက တပ်သားစုဆောင်းမှုကို အရေးယူတာမဟုတ်ဘဲနဲ့ တပ်သားစုဆောင်းမှုမှာ အဓမ္မဆန်တဲ့ ပုံစံမျိုး လုပ်တာ ရှိရင်တော့ အရေးယူဖို့ စီစဉ်ထားတာ ရှိပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ကျေးရွာတရွာကို လူ ၃ ယောက်ကနေ ၅ ယောက်ကြား တပ်သားသစ်စည်းရုံးပေးဖို့ သဘောတူထားတာလို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးက ဆိုပေမဲ့ ဒေသခံတွေကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာထဲကစပြီး ပေါ်တာလိုက်ဆွဲနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ညအချိန်မတော် အိမ်ပေါ်ထိ တက်ဖမ်းတာတွေ၊ လယ်ထဲဆင်းတဲ့သူတွေကို ခေါ်သွားတဲ့ဖြစ်ရပ်တွေ များလာတဲ့အတွက် အခုလိုလုပ်ရပ်တွေအပေါ် ဆန္ဒပြရတာလို့ ဒေသခံတွေက ဆက်ရှင်းပြပါတယ်။

တမူးဒေသခံတယောက်က “အတင်းအဓမ္မကြီး ပေါ်တာဆွဲတာတော့ ကျနော်တို့ မကြိုက်ပါဘူး။ နည်းနည်းဆွဲတာလည်း မဟုတ်၊ ကြီးကြီး ငယ်ငယ် သန်မာတဲ့ယောက်ျားမှန်သမျှ ဆွဲနေတာ၊ ခရီးသွားတဲ့ထဲက လူငယ်လူရွယ်တွေလည်း အဆွဲခံရတယ်။ လယ်ထဲ ယာထဲအထိ ညအိပ်ချိန် အိမ်ပေါ်အထိ တက်ဆွဲနေကြတာ။ အသံမထွက်ရဲတဲ့ ရွာတွေ အများကြီးကျန်သေးတယ်။ အခုက မင်းသမီးရွာ၊ ရွာသာရွာ၊ ဇီးဖြူကုန်းရွာ ၃ ရွာပဲ အသံထွက်လာတာပါ။ သူတို့ဖမ်းထားတာ ရာနဲ့ချီရှိနေပြီ။ ဖမ်းထားတဲ့သူတွေကို ပေးလည်းမတွေ့ဘူး၊ ပြန်လည်းမလွှတ်ပေးဘူး။ ဒီအခြေအနေတွေကို လက်ခံနိုင်စရာအကြောင်း ဘယ်လိုမှမရှိတော့လို့ ဆန္ဒပြနေတာပါ” လို့ ပြောပါတယ်။

ဒေသခံတွေ ဆက်ပြောပြချက်အရ ပေါ်တာဆွဲခံထားရတဲ့ လူဦးရေဟာ အယောက် ၂၀၀ ကျော် ရှိနေပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပေမဲ့ ပြန်မလွှတ်ဘဲ ကချင်ဘက်ကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကတော့ တပ်သားသစ် စုဆောင်းထားတဲ့ အရေအတွက်ကို မကြာခင် တရားဝင်ထုတ်ပြန်မှာဖြစ်ပြီး ရာနဲ့ချီမရှိသလို ကချင်ဘက်ကို ပို့ဆောင်တာလည်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူက “လွှတ်သင့်လွှတ်ထိုက်တာတွေကို လွှတ်ပေးသွားမှာဖြစ်ပြီး ကျန်တဲ့ စုဆောင်းသင့်လို့ စုဆောင်းတဲ့သူတွေကတော့ ကျနော်တို့အနေနဲ့ ဆက်လက်ပြီး ထားရှိသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ရေးအခြေအနေတွေနဲ့ ထိုးစစ်တွေကြောင့် တမူးမြို့နယ်တဝိုက်မှာ တပ်သားသစ် စုဆောင်းရေးတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ ဆန္ဒပြနေတဲ့ကိစ္စ ကိုင်တွယ်ဖြေရှင်းသွားဖို့ ရှိနေတယ်လို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013