
မကွေးတိုင်း၊ ချောက်မြို့နယ်က ရှေ့တန်းမှာ သေဆုံးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တယောက်ရဲ့ သားဖြစ်သူ ပေါ်တာဆွဲခံရပြီး တပ်နယ်မှူးနဲ့ ဗိုလ်မှူးတယောက်က ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ မြို့နယ်က ပြန်လွှတ်မပေးဘဲ သင်တန်းကျောင်းကို ပို့လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က အလှူကနေ ပြန်လာတဲ့ ပခုက္ကူမြို့နယ်၊ ရှမ်းမကန်ကျေးရွာအုပ်စု၊ ဇီးကုန်း ၁ ကျေးရွာမှာ နေထိုင်တဲ့ ကိုအောင်မျိုးဌေးကို ချောက်မြို့နယ်ရှိ မိုလာစစ်ဆေးရေးဂိတ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။
မြိုခံတယောက်က “ပေါ်တာဆွဲတဲ့အထဲမှာ ချောက်မြို့နယ်က နာမည်အကြီးဆုံးပဲ။ အဲဒီနေ့က ခရီးသည်တင်ယာဥ်ပေါ်က လူငယ်တွေကိုဖမ်းတာ ၄ ယောက်။ အဲဲဒီထဲမှာ တယောက်က ရှမ်းကန်ပြည်သူ့စစ်က အဖွဲ့ဝင်ရဲ့သား။ သူအဖေက တပ်မ ၁၁ ပခုက္ကူမှာ တိုက်ရင်း သေသွားတာ"လို့ ပြောပါတယ်။
ကိုအောင်မျိုးဌေး ပေါ်တာဆွဲခံရပြီးနောက် ဇနီးဖြစ်သူက ပခုက္ကူတပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မင်းထက်နဲ့ စီမံအဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းနိုင်တို့ကို အကူအညီတောင်းရာ ပြည်သူ့စစ် အဖွဲ့ဝင်တယောက်ရဲ့ သားဖြစ်ကြောင်း ထောက်ခံပေးခဲ့ပေမဲ့ ပြန်လွှတ်မပေးဘဲ သင်တန်းကျောင်း ပို့လိုက်တယ်လို့ ပခုက္ကူအုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
“ဥပဒေအရဆို ရှေ့တန်းမှာကျသွားတဲ့ စစ်သား၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ သားသမီးဆို ကင်းလွတ်ပေးရတယ်။ အခုက တပ်နယ်မှူးတွေ ဗိုလ်မှူးတွေလည်း ထောက်ခံပေးတာတောင် သင်တန်းကျောင်းပို့တယ်ဆိုတော့ သာမန်လူ ပေါ်တာဆွဲခံရရင် လိုက်လို့မရဘူးဆိုတာ အဖြေက သိသာနေတာပဲ။”
ပေါ်တာဆွဲခံရတဲ့ ကိုအောင်မျိုးဌေးရဲ့ ဖခင်ဖြစ်သူဟာ ရှမ်းကန်ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်မြင့် ဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်က ရှေ့တန်းမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်ကောင်စီတပ်က လူငယ်တွေကို အဓမ္မပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းတွေ ပို့နေတာ ဖြစ်ပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၂၂ အတွက် လူငယ်တွေကို ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတွေမှာ ဖေဖော်ဝါရီ ၁၇ ရက်က ပို့ဆောင်ခဲ့ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပို့ဆောင်တာ ဖြစ်ပါတယ်။
လူတိုင်းမဖြစ်မနေစစ်မှုထမ်းရမဲ့ ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စတင်အကောင်အထည်ဖော်ခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆိုအပတ်စဥ် ၂၃ အထိ ရောက်လာပြီဖြစ်ပြီး တပ်သားသစ် သိန်းနဲ့ချီ စုဆောင်းထားပြီး ဖြစ်ပါတယ်။


