
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အခြေစိုက် အမြောက်တပ် အမတ-၃၄၄ ကနေ စစ်ကောင်စီတပ်သား ၄ ယောက်ထွက်ပြေးခဲ့ပြီး ၂ ယောက် ပစ်ခတ်ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်ညနေက အမတ- ၃၄၄ ကနေ စစ်ကောင်စီတပ်သား ၄ ယောက် ထွက်ပြေးသွားတာရာမှာ ဖေဖော်ဝါရီ ၂၁ ရက်က ၂ ယောက် ပစ်ခတ် ဖမ်းဆီးခံရပြီး ၂ ယောက် လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “မနေ့ညနေ ၇ နာရီ ကျော်ကျော်မှာ ပြန်ဖမ်းခံရတာ။ စစ်တပ်က လိုက်ပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းတာ။ ပြန်မိတဲ့ ၄ ယောက်ထဲက ၂ ယောက်က သေနတ်ဒဏ်ရာ ၄ ချက်၊ ၅ ချက်လောက် ရသွားတယ်။ အတူတူပြေးတဲ့ အဖွဲ့ထဲက ၂ ယောက်က လွတ်သွားတယ်” လို့ ပြောပါတယ်။
၂ ယောက်ကို ငါးသိုင်းချောင်းမြို့၊ သီတာကုန်းပြင်ကျေးရွာနဲ့ မြောက်စမ်းကျေးအနီးမှာ ပြန်လည် ဖမ်းမိခဲ့တာဖြစ်ပြီး ခြေထောက်တွေကို သေနတ်ပစ်ခတ်ခံထားရတယ်လို့ တပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဒေသခံတယောက်က “ရှုပ်ယှက်ခတ်နေတယ်။ အမြောက်တပ်အနားမှာက တိုက်ပွဲကလည်း ဖြစ်နေတာ။ မနေ့က ပစ်ခတ်သံတွေက အဆက်မပြတ်ထွက်နေတာ။ တိုက်ပွဲဖြစ်နေပဲထင်တာ။ သေချာစုံစမ်းတော့မှ စစ်သားတွေထွက်ပြေးလို့ ပစ်ခတ်လိုက်ဖမ်းတာလို့ သိရတာ” လို့ ပြောပါတယ်။
ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ စစ်မှုထမ်းတပ်သားသစ်တွေ ပါဝင်ပြီး စစ်ကောင်စီတပ်ရဲ့ သတင်းပေးတချို့နဲ့ နယ်မြေခံအုပ်ချုပ်ရေးမှူးတွေရဲ့ သတင်းပေးမှုကြောင့် ပြန်ဖမ်းဆီးခံရတာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတွေက ထွက်ပြေးစစ်သားတွေကို ပြန်လည်ဖမ်းဆီးရမိစေဖို့ ငါးသိုင်းချောင်းမြို့က ရေနံသာစစ်ဆေးရေးဂိတ်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို ထပ်မံအင် အားဖြည့် စစ်ဆေးနေပြီး အမတ- ၃၄၄ အမြောက်တပ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ လိုက်လံရှာဖွေနေပါတယ်။


