Home
မြန်မာသတင်း
မုံရွာတွင် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်သဖြင့် ယာဥ်မောင်း သေဆုံး
DVB
·
February 23, 2026

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညဦးပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ခရီးသည်တင်ယာဥ်မောင်း တယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “အဲဒီနေ့ည ၈ နာရီခွဲပြီးလောက်က မုံရွာ သာစည်ထောင်ရှေ့မှာ တာဝန်ကျနေတဲ့ စစ်သားတွေက လမ်းမှား ဝင်လာတဲ့ ခရီးသည်တင်ယာဥ်ကို ပစ်ခတ်ခဲ့လို့ ယာဥ်မောင်းဖြစ်သူ နေရာမှာတင် ဆုံးသွားတာပါ။ တခြား ဒဏ်ရာရသူမရှိဘူးလို့လည်း သိရပါတယ်” လို့ ပြောပါတယ်။

သာစည်ထောင်ရှေ့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ မော်တော်ယာဥ်ဟာ မုံရွာ-ဗန်းမော် ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဥ်ငယ်လိုင်းက မော်တော်ယာဥ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မုံရွာအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က  “အဲဒီ ဗန်းမော်မန်း ခရီးသည်တင်ကားလေးက သမုန်းကုန်းလမ်းခွဲ ပေါက်ငယ်တောဘက်ကနေ တောင်နဲ့မြောက် မှားကွေ့မိပြီး သာစည်ထောင်ရှေ့နားက သာစည်ဘုရား မုခ်ပေါက်နားမှာ ပစ်ခတ်ခံရတာပါ။ တားပြီးစစ်တာတွေ ဘာတွေမလုပ်ဘဲနဲ့ တန်းပစ်တာလို့ သိရတယ်။ ယာဥ်ပေါ်မှာက ဆုံးသွားတဲ့ ယာဥ်မောင်းရယ်။ စပါယ်ယာရယ်။ ခရီးသည် ၄ ယောက်ရယ်။ စုစုပေါင်း ၆ ယောက် ပါလာပြီးတော့ ဆားလင်းကြီးရွာဇာတိလို့ သိရတဲ့ အဲဒီကားယာဥ်မောင်းကတော့ နေရာမှာတင် ဆုံးသွားတယ်။ ကားပေါ်ပါတဲ့ ခရီးသည်တွေထဲကလည်း တချို့ ဒဏ်ရာရကြသေးတယ်။ ထောင်ရှေ့ လုံခြုံရေးစစ်သားတွေက ပစ်ပြီးတော့ကို ကားကို သေနတ်ဒင်တွေနဲ့ လာထုသွားကြသေးတဲ့အပြင် ကားပေါ်က ခရီးသည်တွေကိုလည်း ခေါ်သွားပြီးတော့ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှ ပြန်လွှတ်ပေးလိုက်တာလို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးတက္ကသိုလ် (TTC) အနီးမှာ အရပ်ဘက်ကားတစီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလဆန်းပိုင်းကစလို့ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ချထားတာတွေ ပြုလုပ်နေပြီး အကြောင်းမဲ့ ပစ်ခတ်နေသလို ပေါ်တာဆွဲတာတွေကိုလည်း ဥပဒေမဲ့ ဆက်တိုက်လုပ်ဆောင်နေတာပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မုံရွာမြို့ရဲ့ မြို့အတွင်းအပြင် ကားလမ်းပိုင်းတွေကို ည ၇ နာရီကနေ နံနက် ၆ နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာ အသုံးပြုတာတွေ မပြုလုပ်ကြဖို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ) က ဖေဖော်ဝါရီ ၇ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013