စစ်ကောင်စီတပ်ရဲ့ ဗထူးတိုက်ခိုက်ရေးသင်တန်းကျောင်းမှာ အိန္ဒိယစစ်တပ်က စစ်လက်နက် ပစ်ခတ်လေ့ကျင့်ရေးစနစ် သင်တန်းပေးခဲ့ကြောင်း အိန္ဒိယတပ်မတော် သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်တဲ့ အနေနဲ့ လုပ်ဆောင်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အိန္ဒိယတပ်မတော်၊ ပုံတူလေ့ကျင့်ရေးကိရိယာ တီထွင်ထုတ်လုပ်ရေးဌာနခွဲ၊ နယ်လှည့် သင်တန်းပေးရေးအဖွဲ့က ဗထူးမြို့ရှိ တိုက်ခိုက်ရေးသင်တန်းကျောင်းမှာ လမ်းကြောင်း ၁၂ ခု ပါဝင်တဲ့ ခြေလျင်လက်နက်ငယ် ပစ်ခတ်မှု လေ့ကျင့်ရေးစနစ်ကို တပ်ဆင်ပြီးတော့ စတင်အသုံးပြုနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါ သင်တန်းပေးရေးအဖွဲ့ဟာ မြန်မာစစ်ကောင်စီတပ်သားတွေကို လက်နက်စနစ် ကိုင်တွယ်အသုံးပြုပုံ၊ လက်တွေ့အခြေအနေတွေအတိုင်း သတ်မှတ်ချက်တွေ ရေးဆွဲဆောင်ရွက်ပုံနဲ့ နည်းပညာပိုင်းဆိုင်ရာ ထိန်းသိမ်းပြုပြင်ပုံတို့အပေါ် ဘက်စုံလေ့ကျင့်မှုတွေ ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဗထူးသင်တန်းကျောင်းဟာ စစ်ကောင်စီ အရာခံဗိုလ်တွေနဲ့ အကြပ်ကြီးအဆင့်တွေကို လေ့ကျင့်ပေးပြီး စစ်တက္ကသိုလ် (DSA) နဲ့အတူ အဓိက တပ်မတော်အရာရှိ လေ့ကျင့်ရေးဌာနတွေထဲက တခုဖြစ်ပါတယ်။
သင်တန်းကာလဟာ ပုံမှန်အားဖြင့် ၉ လကြာမြင့်ပြီး သင်တန်းဆင်း ဗိုလ်လောင်းတွေဟာ တပ်မတော် အရာရှိပြန်တမ်းဝင်အဖြစ် ခန့်အပ်ခံရတာပါ။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ မလေးရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်း မြန်မာ့အရေးအပေါ် ရပ်တည်ချက်မှာတော့ ဒေသတွင်း ပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ၂ နိုင်ငံစလုံးက ကတိကဝတ်ပြုထားတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Photo: Indian Army






