
တော်လှန်ရေးတပ်ပေါင်းစု ဝိုင်းထားတဲ့ ဖားဆောင်းမြို့ထဲကို စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတွေ ရောက်ရှိသွားပြီး အသေခံဒရုန်းတွေနဲ့ တိုက်နေတဲ့အတွက် ဖားဆောင်းမြို့အနီးနား သွားလာခွင့်တွေကို တော်လှန်ရေးဘက်က ကန့်သတ်ထားပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုတပ်တွေ ၈ လကျော်ကြာ ဝိုင်းထားတဲ့ ကရင်နီပြည်နယ်က ဖားဆောင်းမြို့ထဲကို စစ်တပ်ရဲ့စစ်ကြောင်းတွေ ဝင်ရောက်သွားပြီး လေကြောင်းကနေရော၊ မြေပြင်ကနေပါ အင်အားအလွန်အကျွံသုံးကာ နောက်ဆုံးကျန်နေတဲ့ ခလရ ၁၃၅ မကျဖို့အတွက် ပြီးခဲ့တဲ့နှစ်ထဲက စစ်ကူပို့နေတာပါ။
ဒါကြောင့် လက်ရှိ ဘောလခဲဘက်ကနေ တက်လာတဲ့ စစ်ကြောင်းဟာ ဖားဆောင်းမြို့နားက နန်းကစ်နဲ့ ပါပုကျေးရွာကို ခြေကုပ်ယူပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဖားဆောင်းမြို့ထဲကို ဝင်လာတာလို့ စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။
ဖားဆောင်းမှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်ကလည်း စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်း ရောက်လာတာကို အတည်ပြုပေးထားပြီး အင်အားအလွန်အကျွံသုံးပြီး တက်လာတဲ့ အနေအထားမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။
ဖားဆောင်း စစ်ရေးရင်းမြစ်က “စစ်ကြောင်းက ဖားဆောင်းထဲ ရောက်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့ဘက်က သာလွန်အင်အားတွေသုံးပြီး တက်လာတာပါ။ လေကြောင်း လက်နက်ကြီး အသေခံဒရုန်း သူတို့လက်လှမ်းမီသလောက် ထင်သလိုသုံးပြီး တက်လာတာ။ ထိတွေ့မှုတွေက နေ့တိုင်းပါပဲ” လို့ ပြောပါတယ်။
ဖားဆောင်းမြို့ထဲကို စစ်ကူစစ်ကြောင်း မရောက်ခင်ကတည်းက မြို့ထဲကနေ လက်နက်ကြီးနဲ့ အနီးနားဝန်းကျင် ရွာတွေကို လှမ်းပစ်နေတာတွေ ရှိသလို အသေခံဒရုန်းတွေသုံးပြီး ဖားဆောင်း သံလွင်မြစ်ကူးတံတားကို တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးဘက်က တံတားဖြတ်သန်းခွင့်ကို ဖေဖော်ဝါရီ ၁၂ ရက်ကတည်းက ပိတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း တံတားအနီးနားကို ၆၀ မမ လက်နက်ကြီးကျလို့ လူထိခိုက်မှု မရှိပေမဲ့ လမ်းနဲ့ တံတား အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
စစ်ရေးအခြေအနေတွေကြောင့် တံတားကို ယာယီဖြတ်သန်းခွင့် ပိတ်လိုက်တဲ့အတွက် မော်ချီး-မယ်စဲ့ဘက်ကူးတဲ့ ကုန်ကားနဲ့ ခရီးသည်ကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အခုက ဟိုဘက်ဒီဘက်ပိတ် ဘယ်လိုလဲဆို ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းတွေက သွားလာဖို့ ခက်ခဲတယ်။ တချို့ကားတွေက အရေးကြောင်းဆို ထွက်မရတော့ ဘယ်လိုများပြောမလဲ ကားခံတဲ့သူ များတာပေါ့နော်။ ဗုံးတွေ လေယာဥ်နဲ့ လျှောက်ကြဲနေတော့ သွားလာရတာ အရမ်းအန္တရာယ်တော့ များတာပေါ့။ အခြေအနေတော့ မသိသေးဘူးပေါ့နော်၊ အခြေအနေက ပိုဆိုးလာဖို့ပဲ များမယ်ထင်တယ်” လို့ ပြောပါတယ်။
ဖားဆောင်းနဲ့ အနီးဆုံးမြို့တွေဖြစ်တဲ့ မော်ချီးနဲ့ မယ်စဲ့မြို့တို့ကို တော်လှန်ရေးတပ်ပေါင်းစုဘက်က ထိန်းချုပ်ထားတာဖြစ်ပြီး ဖားဆောင်းမြို့ထဲမှာ ခလရ ၁၃၄ နဲ့ ၁၃၅ နှစ်တပ် ကျန်နေတဲ့ထဲက ခလရ ၁၃၄ ကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ကရင်နီတပ်ပေါင်းစုအဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
ဒါကြောင့် ဖားဆောင်းမြို့ မကျဖို့ နောက်ဆုံးကျန်နေတဲ့ ခလရ ၁၃၅ ကို စစ်တပ်က နည်းပညာရော လူအင်အားပါ အလွန်အကျွံတွေသုံးပြီး မြို့ကိုကာကွယ်နေတာပါ။
လက်ရှိ ဖားဆောင်းထဲဝင်လာတဲ့ စစ်ကြောင်းကြောင့် တော်လှန်ရေးတပ်ပေါင်းစုနဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးတွေ ရှိနေပေမဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဘက်ကတော့ တစုံတရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
မောရစ်


