
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီတပ် လေကြောင်းကနေ အသေခံဒရုန်းနဲ့ ပစ်ခတ်၊ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး အမျိုးသား ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံက ပြောပါတယ်။
မနေ့ညနေ ၆ နာရီကျော်လောက်မှာ စစ်တပ်က အသေခံဒရုန်းတစီးနဲ့ ဝမျှောင်ကျေးရွာကို တိုက်ခိုက်လို့ ၂ နှစ်အရွယ် ကလေးနဲ့ အမျိုးသမီးတယောက် စုစုပေါင်း ၂ ယောက် သေဆုံးပြီး အမျိုးသား ၃ ယောက် ဒဏ်ရာရရှိသွားပါတယ်။
ဒေသခံအမျိုးသားတယောက်က “အသေခံဒရုန်းက တခါတည်း တန်းဝင်လာတယ်။ ပြေးဖို့အချိန်က မရလိုက်ဘူး။ နေရာမှာပဲ ပွဲချင်းပြီး ၂ ယောက်သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို လူမူကူညီရေး ပရဟိတအသင်းနဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရေးပေါ် ဆေးကုသပေးထားပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၅ နာရီကျော်ကလည်း ကျောက်ကလေရွာအောက်ဘက်ရှိ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ ရေတပ်သင်္ဘာကနေ ကျောက်ပြောက်ကျေးရွာဘက်ကို လက်နက်ကြီးကျည် ၄ လုံးနဲ့ ပစ်ခတ်လို့ အသက်ကြီးပိုင်း အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။
နောက်ထပ် ဒေသခံတယောက်က “ပစ်တာက ၄ ချက်ပစ်ပါတယ်။ အဲဒီထဲက ကျည်တလုံးက သေသွားတဲ့ အန်တီအိမ်ကို တိုက်ရိုက်ကျတယ်၊ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူကတော့ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာနေ အသက် ၈၀ အရွယ် ဒေါ်စောဖြူမ ဖြစ်ပါတယ်။
စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ကျောက်ပြောက်ရွာထဲရှိ ဦးထွန်းခိုင်အောင်ရဲ့ အိမ်အလယ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး မိခင်ဖြစ်တဲ့ ဒေါ်စောဖြူမကို လက်နက်ကြီး ကျည်စ ထိမှန်ကာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားရကာ နေအိမ်တဆောင်လုံးလည်း ပျက်စီးသွားပါတယ်။
ကျောက်ဖြူမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရှောင်လာသူတွေနဲ့ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာနေ အမျိုးသားတယောက် ရေတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


