Home
မြန်မာသတင်း
ကျောက်ဖြူထောင်၌ ဆေးကုသခွင့်မရသဖြင့် အကျဉ်းသား ၁ ဦး သေဆုံး
DVB
·
February 15, 2026
Photo: CJ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ထောင်ဖောက်ပြေးမှု ဖြစ်ပြီးနောက် အကျဉ်းသားတွေ ဆေးကုသခွင့်မရတဲ့အတွက် ဖေဖော်ဝါရီ ၁၂ ရက်က အကျဉ်းသားတယောက် သေဆုံးသွားပါတယ်။

သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာသား အသက် ၂၈ နှစ်အရွယ် ကိုငမှိုင်းဖြစ်ပြီး ထုံနာ (လေးဘက်နာ) ဝေဒနာရှင်တယောက် ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ကျောက်ဖြူ မြို့ခံတယောက်က ပြောပါတယ်။

“သူက ဆေးအချိန်မီကုသခွင့်ရရင် မသေဘူး။ အခုက ထောင်ဖောက်ပြေးမှု ဖြစ်ကတည်းက အကျဉ်းသားတွေကို တအားအကျပ်ကိုင်ထားပါတယ်။ နေမကောင်းပြောလည်း မရဘူး။” 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ကိုငမှိုင်း အပါဝင်ဒေသခံ ၄ ယောက်ကို ဂေါ်တူရွာအောက် ပင်လယ်ပြင်မှာ ငါးဖမ်းနေစဉ် ပင်လယ်ပြင်ရှိ စစ်ကောင်စီ ရေတပ်က လာရောက်ပြီး  ဖမ်းဆီးသွားတာပါ။

ဖေဖော်ဝါရီ ၃ ရက်က  ကျောက်ဖြူမှာ ထောင်ဝန်ထမ်းတယောက်ကို  စူးနဲ့ထိုးပြီး အကျဉ်းသား ၅ ယောက် ထွက်ပြေးလွတ်မြောက်သွားလို့ ကျန်တဲ့ အကျဉ်းသားတွေကို တင်းကျပ်ထားပြီး အခုလို ကျန်းမာရေးအတွက် ဆေးကုခွင့်တွေပါ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဒေသခံကျေးရွာသားတယောက်က “သူတို့ကို ဖမ်းလာပြီး ရဲစခန်း အချုပ်မှာထားတယ်။ ပြီးတော့ အဲဒီလထဲမှာပဲ ကျောက်ဖြူထောင်ထဲကို တန်းပို့လိုက်တာပါ”လို့ ပြောပါတယ်။

ဒေသခံတွေကို ဖမ်းမိပြီဆိုရင် စရဖ စစ်ကြောရေးကို နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ပို့ဆောင်ပြီး ရိုက်နှက် စစ်ဆေးလေ့ရှိပါတယ်။

ရေလုပ်သား၊ စစ်ဘေးရှောင်၊ လယ်ယာမြေလုပ်ကိုင်သူ ရခိုင်ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းမိပြီဆိုရင် အများအားဖြင့် ထောင်ထဲကို ပို့ထားတယ်လို့ ထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံရတဲ့  အသက် ၃၂ နှစ်အရွယ် မစောတင်မေဟာ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့်မရရှိဘဲ စစ်တွေ အကျဉ်းထောင်ထဲမှာ ၂၀၂၅ နှစ်ကုန်ပိုင်းက  သေဆုံးခဲ့တယ်လို့  Justice Network For Political Prisoners (JNPP ) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀၅ တို့နဲ့ ထောင်ဒဏ် အနှစ် ၄၀ ကျခံနေတဲ့ နိုင်ငံရေးကျဉ်းသား အသက် ၄၂ နှစ်အရွယ် ကိုသိန်းထွန်းစိန် ဟာလည်း ရောဂါဝေဒနာ ဆိုးရွားစွာ ခံစားနေရချိန်မှာ ဆေးကုသခွင့်မရတဲ့အတွက် ၂၀၂၅ နိုဝင်ဘာ ၁၈ ရက်မှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013