
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အကျဉ်းထောင်က အကျဉ်းသား ၅ ယောက် ထောင်ဝန်ထမ်းကို သတ်ပြီး ထွက်ပြေးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ညနေအချိန် အလုပ်လုပ်နေစဉ် ထောင်ဝန်ထမ်းတယောက်ကို ဆူးနဲ့ထိုးပြီး ထွက်ပြေးသွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ညနေဘက်မှာ ဝန်ထမ်းကို သတ်ပြီး ထွက်ပြေးသွားတာပါ။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ မြို့ထဲ လိုက်ရှာနေတယ်။”
ထွက်ပြေးသွားတဲ့ အကျဉ်းသား အမျိုးသား ၅ ယောက်ဟာ မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုတွေနဲ့ ပြစ်ဒဏ်အသီးသီး ကျခံနေရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဆိုပါ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို စစ်တပ်၊ ရဲ၊ အကျဉ်းဌာနတို့က တိတ်တဆိတ် ရှာဖွေခဲ့ပြီးနောက် မရတဲ့အတွက် ဒေသခံတွေကို ခေါ်ယူပြီး လိုက်ရှာနေတယ်လို့ နောက်ထပ် ဒေသခံတယောက်ကလည်း ပြောပါတယ်။
“ပထမတခါတော့ သူတို့ဝန်ထမ်းတွေပဲ လိုက်ရှာတယ်။ ဘာရှာလဲမေးရင် သူခိုးရှာတယ်လို့ ပြောတယ်။ နောက်ပြီး သူတို့ရှာမတွေ့မှ အခုလိုဖြစ်စဉ်ကို သိရပါတယ်။”
အကျဉ်းသား တရားခံ ၅ ယောက်ကို ဖမ်းဆီးနိုင်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒေသခံ မြို့ခံတွေ၊ ရေလုပ်သားတွေကို ခေါ်ပြီး နေရာအနှံ့ လိုက်ရှာနေပေမဲ့ ဖမ်းဆီးနိုင်ခြင်း မရှိသေးတဲ့အတွက် မြို့ခံပြည်သူတွေကြားမှာ စိုးရိမ်ကြောင့်ကြနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


