
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပြီးနောက်ပိုင်း မကွေးတိုင်း၊ မကွေးမြို့ အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မ အမျိုးမျိုးနဲ့ အဓမ္မ တရားစွဲဆို ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်လက်အောက်ခံ ထောင်ဝန်ထမ်းတွေက ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ ဆေးဝါးကုသမှု အပြည့်အဝ မပေးတာတွေလုပ်နေတယ်လို့ လွတ်မြောက်လာသူတွေက DVB ကို ပြောပါတယ်။
မကွေးထောင်အတွင်းက လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး၊ မိန်းဂျေးတာဝန်ခံအရာရှိနဲ့ အဆောင်မှူးတွေက အဓိကလုပ်နေတာပါ။
ဒါ့အပြင် ရာဇဝတ်မှုအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား လူမိုက်တွေကို ထောင်ဝန်ထမ်းတွေက မွေးမြူထားပြီး ထောင်အတွင်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကို ပြုလုပ်နေတယ်လို့ လွတ်မြောက်လာသူတွေက ဆိုပါတယ်။
မကွေးထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်က “ကျနော် မကွေးထောင်မှာ ရှိနေချိန်က အကျဉ်းသားတယောက်ကို ရိုက်နှက်သတ်ဖြတ်တာကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ သတ်ဖြတ်ခံရတဲ့သူနဲ့ နာမည်တော့ မပြောတော့ဘူး။ နောက်ပြီးတော့ ၂၀၂၅၊ ၁၀ လပိုင်းထဲမှာ လွတ်မယ့်သူတယောက်ကို ၃ အဆောင်မှူးနဲ့ အကျဉ်းသား အရာရှိအုပ်စုက ပုံစံပြပြီး ရိုက်ကြတာ သတိမေ့မြောသွားတဲ့ထိ ဖြစ်သွားတယ်။ ဆေးဝါးကုသမှုလည်း အလုံးစုံမရဘူး” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ စာရင်းအရ မကွေးမြို့ အကျဉ်းထောင်မှာ အကျဉ်းသား အမျိုးသား ၁,၉၁၅ ယောက်နဲ့ အမျိုးသမီး ၂၆၈ ယောက်၊ စုစုပေါင်း ၂၁၈၃ ယောက်ရှိပြီး တရားရုံးမှာ စစ်ဆေးဆဲ အချုပ်သားဦးရေကတော့ ၉၂ ယောက်ရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အတွင်း အဓမ္မ အလုပ်ကြမ်းတွေ ခိုင်းစေတာတွေ ရှိနေပြီး ငြင်းဆန်သူတွေကို ထောင်ပုံစံပေးပြီး ဝိုင်းဝန်းရိုက်နှက်တာ ခြေချင်းဒေါက်ခတ်တာနဲ့ ရက်ရှည် တိုက်ပိတ်တာတွေကို ထောင်ဝန်ထမ်းတွေက ပြုလုပ်နေတယ်လို့လည်း လွတ်မြောက်လာသူတွေက ဆိုပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်က “ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို မိလ္လာဆေးခိုင်းတယ်။ တောင်ယာအလုပ်တွေကို လုပ်ခိုင်းတယ်။ အဲလိုမလုပ်ချင်လို့ ဆန္ဒပြတဲ့ နိုင်ကျဉ်းတွေကို မိန်းဂျေးတာဝန်ခံအရာရှိက ခေါင်းစွပ် စွပ်ပြီး အကျဉ်းသားလူမိုက်နဲ့ ဝိုင်းရိုက်ခိုင်းတယ်။ ပုံစံမောင်းခိုင်းတယ်။ ဒေါက်ခြေချင်းခတ်ပြီး ရက်ရှည်တိုက်ပိတ်တာတွေ လုပ်တယ်။ အဲ့လောက် တရားလက်လွန်လုပ်တဲ့ အပြင်ကို မိသားစုနဲ့ အဆက်အသွယ်ဖြတ်တာနဲ့ ထောင်ဝင်စာပါ ပိတ်တယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့ ၅ နှစ်အတွင်း နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင် ၃၂ ခုမှာ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၂၇၄ ယောက် သေဆုံးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသား အများဆုံး သေဆုံးတဲ့ အကျဉ်းထောင်တွေကတော့ မန္တလေးမြို့ အိုးဘိုထောင် ၉၆ ယောက်၊ ရန်ကုန်မြို့ အင်းစိန်ထောင် ၆၂ ယောက်၊ ဒိုက်ဦးထောင် အယောက် ၂၀၊ ကလေးမြို့ထောင် ၁၅ ယောက်၊ မကွေးထောင် ၁၃ ယောက်တို့ ဖြစ်ပါတယ်။
အကျဉ်းထောင်အသီးသီးမှာ အသက်ဆုံးရှုံးရသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ သေဆုံးရသူဦးရေ အများဆုံးဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရလို့ သေဆုံးသူဦးရေဟာ ဒုတိယအများဆုံးဖြစ်ကာ သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူက တတိယဖြစ်တယ်လို့ မြန်မာနိုင်ငံအကျဉ်းထောင်သက်သေ (Myanmar Prison Witness) က ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။


