
စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေ နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် အကျဉ်းထောင်အတွင်း သွေးသစ္စာသီချင်း သီဆိုတာကြောင့် နိုင်ငံရေးအကျဉ်းသူ ၁၅ ယောက် တိုက်ပိတ်ခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဆီက သိရပါတယ်။
နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်ဖြစ်တဲ့ ၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၅ မိနစ်ဝန်းကျင် သွေးသစ္စာသီချင်းကို သီဆိုတာကြောင့် နိုင်ငံရေးအကျဉ်းသူ ၁၅ ယောက်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်လိုက်တာဖြစ်ပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့ သိရတာတော့ အချိန် ၅ မိနစ်ခန့် သွေးသစ္စာသီချင်း အပါအဝင် ကြွေးကြော်သံတချို့ တောင်းဆိုခဲ့ကြတယ်လို့ ကနဦး ကြားသိထားရတယ်။ နေ့ခင်းပိုင်းမှာတော့ အမျိုးသမီး စိစစ်ဆဲ ၁၅ ဦး တိုက်ပိတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျ။ အသေးစိတ်နဲ့ ဖြစ်စဉ်ဖြစ်ရပ် နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်ခင်ဗျ။ အမည်နဲ့ ပုဒ်မတွေကို အတည်ပြုနေဆဲပါ” လို့ DVB ကို ပြောပါတယ်။
ကလေးအကျဥ်းထောင်က အကျဥ်းသူ ၂၀၀ ဝန်းကျင်ဟာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုပြီး အမှုကြီး ၉ မှု ပယ်ကာ ဖျက်သိမ်းရေး၊ အကျဥ်းသား/အကျဥ်းသူ တန်းတူအချိုးရရှိရေး၊ အာဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး စတဲ့ ၃ ချက်ကို တောင်းဆို ဆန္ဒပြခဲ့ကြတာလို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဆိုပါတယ်။
အဲဒီသပိတ်ကို ဖောင်းပြင်မြို့က အကျဥ်းသူ မခင်နွဲ့လှိုင်က ဦးဆောင်ခဲ့တာဖြစ်ပြီးတော့ အကျဥ်းသား/အကျဥ်းသူတွေအတွက် တောင်းဆိုထားတဲ့ ၁ နဲ့ ၂ ကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူပေးဖို့၊ မပေးရင် နှစ်ဆန်း ၂ ရက်နေ့ဟာ တနိုင်ငံလုံးက အကျဥ်းထောင်တွင်းသပိတ်နေ့အဖြစ် ကြေညာတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေး၊ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေ ပပျောက်စေရေးနဲ့ အမြန်လွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်တပ်ကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံနဲ့ မလုံလောက်ဘဲ သက်ဆိုင်ရာအစုအဖွဲ့အသီးသီးနဲ့ ချိတ်ဆက်ပြီး ထိရောက်မှုရှိတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ဖို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက တောင်းဆိုထားပါတယ်။


