
မြန်မာပြည်သူတွေအတွက် ယုံကြည်စိတ်ချရပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ် ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းကူညီကြဖို့နဲ့ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့၊ အတိုက်အခံ အစုအဖွဲ့အားလုံးနဲ့ အစစ်အမှန် ဆွေးနွေးပွဲတွေလုပ်ဖို့ ကနေဒါ၊ ဆွစ်ဇာလန်နဲ့ ဩစတြေးလျတို့က တိုက်တွန်းလိုက်ပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန် နိုင်ငံအသီးသီးက ကြေညာချက်ထုတ်ပြန်လာကြတာဖြစ်ပြီး အာဏာသိမ်းချိန် ဒီလောက် ကြာမြင့်လာခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ ဆိုးရွားတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကို ဆက်လက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က စစ်အုပ်စု ဦးဆောင်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလည်း လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
သြစတြေးလျကတော့ သူတို့ဟာ မြန်မာလူထုအပေါ် စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တာတွေကို အစဉ်တစိုက် ရှုတ်ချလာခဲ့သလို ဆက်ပြီးတော့လည်း ဝေဖန်နေတယ်လို့ ဆိုပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး အနီတာအနန်ဒ်ကလည်း “လွန်ခဲ့တဲ့ ၅ နှစ်၊ ဒီလိုနေ့မျိုးမှာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတခု ဖြစ်လာခဲ့ပါတယ်” လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာလာပေမဲ့ နိုင်ငံအတွင်း အခြေအနေဟာ စိုးရိမ်ဖွယ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ လွတ်လပ်၊ တရားမျှတပြီး ပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲစံနှုန်းနဲ့ မကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေကို စိုးရိမ်တယ်လို့ဆိုပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်းမှာတင် လူပေါင်း ၃၆ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ကလေး ၅ သန်း အပါအဝင် လူပေါင်း သိန်း ၁၆၀ ကျော်ဟာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသလို ဒါဟာ ဒေသတွင်းအခြေအနေတည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်လို့ သံရုံးတွေက ထုတ်ပြန်ထားပါတယ်။
ပြီးတော့ သူတို့အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ထောက်ခံနေပြီး ဒါကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။
လူထုဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ကိုလည်း တောင်းဆိုကြပြီး မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဒုက္ခတွေ လျော့နည်းစေဖို့ လိုအပ်နေသူအားလုံးကို ခွဲခြားမှုမရှိဘဲ အကူအညီတွေကို လုံလုံခြုံခြုံ အဟန့်အတားမရှိ ပေးနိုင်ဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။
မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်နေကြတယ်လို့လည်းဆိုပြီး မြန်မာကို အကူအညီ ဆက်ပေးမယ်လို့လည်း ပြောဆိုထားကြပါတယ်။


