
ကျောက်ဖြူမှာ စစ်ကောင်စီတပ် ထိုးစစ်ရပ်တန့်သွားအောင် အကျအဆုံးများသွားတဲ့အတွက် တပ်ဖွဲ့ဝင်အင်အား ၄၀၀ ခန့်ကို ထပ်မံပြီး ဖြည့်တင်းထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဇန်နဝါရီ ၃၀ နေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီ ရေတပ်နေဗီတစီးနဲ့ အင်အား ၁၅၀ လောက်ကို ကျောက်ဖြူ အမှတ် (၁) ဖောင်တော်မှ တင်ဆောင်ပြီး ခလရ ၃၄ ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့ စစ်သားအင်အားနဲ့ လက်နက်ခဲယမ်း တင်ပြီဆိုရင် အနီးက ဖြတ်မသွားရဘူး၊ လုံခြုံရေးချထားတယ်၊ မနေ့ကတော့ အင်အား ၁၅၀ ခန့်တော့ သင်္ဘောက လက်နက်ကိုယ်စီနဲ့ ဆင်းလာတယ်။”
ရှေ့တန်းယူနီဖောင်း အီကွေ့မာန့် အစုံနဲ့ လက်နက်ခဲယမ်းတွေ ကိုင်ဆောင်ပြီး အင်အား ၁၅၀ ခန့်ပါ တပ်ဖွဲ့ဝင်တွေကို ခလရ ၃၄ တပ်ရင်းကို ခေါ်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။
အလားတူ ဇန်နဝါရီ ၃၀ နေ့ ညမှာ ရေတပ်နေဗီတစီးနဲ့ သစ်ပုတ်တောင်ရေတပ်ဌာနချုပ် ဖောင်တော်မှ အင်အား ၂၀၀ ကျော်ကိုလည်း ထပ်မံပို့ဆောင်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူက ပြောပါတယ်။
“ဌာနချုပ်ဘက်ကိုတော့ အင်အား ၂၀၀ ကျော် ပါလာတယ်၊ လက်နက်ခဲယမ်းတွေပါ အကုန်ပါတယ်၊ သိရသလောက်ကတော့ ပြည်သူ့စစ်တွေ များတယ်လို့ ကြားပါတယ်။”
ကျောက်ဖြူမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဧရိယာကျယ်ပြန့်နေပြီး စစ်ကောင်စီ စစ်ကျွံဝင်လာတဲ့ စစ်ကြောင်းအချို့ကို AA က ကြားဖြတ်တိုက်ခိုက်နေမူကြောင့် အကျအဆုံး အထိအခိုက်များပြားနေလို့ အခုလို ထပ်မံအင်အား ဖြည့်တင်းရတာလို့ စစ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဓညဝတီရေတပ်ဌာနချုပ်ရှိတဲ့ သစ်ပုတ်တောင်တိုက်နယ် ဒိုးမတောင်ဝန်းကျင်၊ မင်းပြင်ပတ်ဝန်းကျင်၊ သိုင်းချောင်းပတ်ဝန်းကျင်တို့မှာ အာရက္ခတပ်တော်က စစ်ကောင်စီ စစ်ကြောင်းတွေကို တိုက်ခိုက်နေပြီး မင်းပြင်ရေတာ တောင်စခန်းနဲ့ သိုင်းချောင်းဆည် တောင်စခန်းတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဘက်က ဝိုင်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီ ရှေ့တန်းစခန်းတွေ ပိတ်ဆို့ခံနေရပြီး တက်လာတဲ့ စစ်ကြောင်းတွေလည်း တိုက်ခိုက်ခံရလို့ ကျဆုံးမူများနေတဲ့အတွက် စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာ၊ စစ်ဘေးရှောင်စခန်းတွေကို ဉီးတည်တိုက်ခိုက်လာတဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးသူတွေ ရှိနေပြီး ဘေးလွတ်ရာ ထပ်မံစစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


