Home
နိုင်ငံတကာ
နိုင်ငံရေးအကျဉ်းသား  ၆၀၀ ကျော်လွှတ်ပေးပြီးဟု ဗင်နီဇွဲလားယာယီသမ္မတပြော 
DVB
·
January 24, 2026
Photo :Reuters

ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က လက်ရှိအချိန်အထိ အကျဉ်းထောင်တွေ ကနေ လူပေါင်း ၆၂၆ ယောက်ကို ပြန်လည်လွှတ်ပေးပြီးဖြစ်တယ်လို့ ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။ 

ဒါပေမဲ့ ဘယ်အချိန်က လွှတ်ပေးခဲ့တာလဲဆိုတာကိုတော့ တိတိကျကျ မရှင်းလင်းခဲ့ တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေ၊ အကျဉ်းသားမိသားစုဝင်တွေကြားမှာ အဲဒီအရေအတွက် အပေါ် သံသယတွေ ပိုမိုမြင့်တက်လာနေပါတယ်။

Foro Penal ဗင်နီဇွဲလား လူ့အခွင့်အရေးအဖွဲ့ကတော့ ဇန်နဝါရီ ၈ ရက်ကစပြီး အခုအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁၅၄ ယောက်သာ လွတ်မြောက်ခဲ့ကြောင်း အတည်ပြုထားတယ်လို့ ပြောပါတယ်။

ဒီကိန်းဂဏန်းက အစိုးရဘက်က ထုတ်ပြန်တဲ့ အရေအတွက်နဲ့ ကွာဟနေတာကြောင့် အငြင်းပွားမှု တွေ ပိုမို ပြင်းထန်လာခဲ့တာပါ။

ဒီအပေါ် သမ္မတ ရိုဒရီဂတ်ဇ်ကတော့ “လက်ရှိအခြေအနေကို နားမလည်ဘဲ နိုင်ငံရေးအရ ဆန့်ကျင်ပြီး ကြိုးကိုင်ခြယ်လှယ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေတာကြောင့် နိုင်ငံရေး လိမ်လည် လှည့်ဖြားမှုတွေကို ရပ်တန့်သင့်ပြီ” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

လွှတ်ပေးထားတဲ့ စာရင်းတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာ တာ့ခ်နဲ့ လာမဲ့ တနင်္လာနေ့မှာ ဆက်သွယ်ပြီး စစ်ဆေးအတည်ပြုခိုင်းမယ်လို့ ဆိုပါတယ်။

အဲဒီနေ့ညပိုင်းမှာတော့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေဟာ ကရာကာ့စ်မြို့ရှိ အယ်လ်အယ်လီကိုးဒီ အကျဉ်းထောင် အပြင်ဘက်မှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ 

သူတို့ကတော့ ချစ်ခင်ရသူတွေကို “လုံးဝ လွတ်မြောက်ခွင့်” ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အကျဉ်းသား တယောက်ရဲ့ မိတ်ဆွေဖြစ်သူ ဟေစီဘလန်ကိုကလည်း အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။

လွတ်မြောက်လာသူတချို့ကတော့ ကန့်သတ်ချက်တွေ ထားပြီးမှ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ပြောဆိုကြပြီး နိုင်ငံအတွင်း စစ်မှန်တဲ့ နိုင်ငံရေး သဘောတူညီမှုတွေ ရရှိလာဖို့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အစိုးရဘက်ကတော့ နိုင်ငံရေးအကြောင်းပြချက်ကြောင့် လူတွေကို ဖမ်းဆီးထားခြင်း မရှိဘူးလို့ ဆက်လက် ငြင်းဆိုထားပြီး ဗင်နီဇွဲလားမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောနေပါတယ်။

ယာယီသမ္မတ ရိုဒရီဂတ်ဇ်ကလည်း ဗင်နီဇွဲလား အချုပ်အခြာအာဏာနဲ့ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော်ဟဲ ရိုဒရီဂတ်ဇ်နဲ့ နိုင်ငံရေးအတိုက်အခံတွေကို တွေ့ဆုံပြီး “ဗင်နီဇွဲလား နိုင်ငံရေးဆွေးနွေးပွဲ” တရပ်ကို အမြန်ဆုံး စတင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013