
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်နီးပါးအတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ သတင်းမီဒီယာသမား ၂၇ ယောက်ဟာ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီအထဲမှာ ထောင်တသက် အပါအဝင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ သတင်းသမား ၁၄ ယောက် ပါဝင်ကြောင်းနဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ၅ နှစ်နီးပါးအတွင်း သတင်းသမား ၇ ယောက် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ မီဒီယာဖိနှိပ်မှုတွေဟာ သတင်းလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး သတင်းသမားတွေ ဖမ်းဆီးထောင်ချတာနဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့နဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို IPCM က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။


