
မကွေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက် နှိပ်စက်ပြီး ဒီဇင်ဘာလအစပိုင်းကနေ ဒီနေ့အထိ တလနီးပါး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒီဇင်ဘာ ၈ ရက်က မကွေးအကျဉ်းထောင် အမျိုးသားဆောင် (၄) မှာ စတင်ခဲ့တာဖြစ်ပြီး ထောင်အာဏာပိုင်တွေက အကျဉ်းထောင်တခုလုံးရဲ့ စားပြီးသားပန်းကန်တွေကို နိုင်ငံရေးအကျဉ်းသားတွေကို လူ ၁၀ ယောက်တဖွဲ့စီနဲ့ ဆေးကြောခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ခိုင်းစေမှုကို မလုပ်နိုင်ကြောင်း ပြောဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းငုံ့ထိုင်ခိုင်းတာ၊ ခေါင်းမငုံ့သူတွေကို မျက်နှာအဝတ်စည်းပြီး ရိုက်နှက်တာ၊ နေပူလှန်းတာတွေ လုပ်ခဲ့ပြီး ခေါင်းကွဲဒဏ်ရာရတဲ့သူတွေတောင် ရှိခဲ့တယ်လို့ PPNM ကထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအချို့ကို မြေပြင်ပေါ် အမှောက်ခိုင်းပြီး နံပါတ်တုတ်တွေ၊ ဝါယာကြိုးနဲ့ မိန်းကြိုးတွေကို အသုံးပြုပြီး ရိုက်နှက်ခဲ့တယ်လို့လည်း PPNM က ဆိုပါတယ်။
ဒီဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၅ ယောက်ကို ဒီဇင်ဘာလ ၈ ရက်ကစပြီး တိုက်ပိတ်ခဲ့ပြီး ဒီကနေ့အထိ ဆက်လက် တိုက်ပိတ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ အရိုက်ခံခဲ့ရသူတွေရဲ့ ကျန်းမာရေးအခြေအနေကို မိသားစုဝင်တွေကတောင် အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။
PPNM ရဲ့ စုံစမ်းချက်အရ ဒီအကြမ်းဖက်မှုတွေကို ထောင်ဝန်ထမ်း သက်ပိုင်စိုးက ကိုယ်တိုင်ပါဝင်ခဲ့ပြီး အဆောင် (၁) မှ တန်းစီး တင်အောင်ထွန်း၊ အဆောင် (၃) မှ တန်းစီး စစ်သားကြီး၊ အဆောင် (၂) မှ တန်းစီး ငပွေးနဲ့ အဆောင် (၄) မှ အခန်းလူကြီး မြတ်ကို တို့ကို လုပ်ပိုင်ခွင့်ပေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကွေးအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေက ထောင်တွင်းရောင်းချတဲ့ ကွမ်းယာနဲ့ အစားအသောက်တွေကို မတန်တဆ ဈေးနှုန်းနဲ့ ရောင်းချနေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကွမ်းမဝယ်သုံးတဲ့ ကွမ်းဖြတ်တောက်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၁ ယောက်ကို ထောင်ဝန်ထမ်းတွေက ထပ်မံ ရိုက်နှက်ပြီး ခြေချင်းခတ်ကာ ဒီနေ့အထိ တိုက်ပိတ်ထားတယ်လို့လည်း PPNM က ဆိုပါတယ်။
လက်ရှိမှာတော့ ထောင်ဝင်စာအဖြစ် ဆီနဲ့ သစ်သီးတွေကို ခွင့်မပြုတော့ဘဲ ဧည့်တွေ့ခွင့်ကိုလည်း တယောက်သာ ခွင့်ပြုပြီး ၂ ယောက်တွေ့လိုပါက ငွေပေးရတဲ့ အခြေအနေတွေပါ ရှိနေတယ်လို့ သိရပါတယ်။
PPNM ကတော့ ဒီလို လုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ အကျဉ်းသားဆိုင်ရာ စံချိန်စံညွှန်းတွေကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မကွေးအကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် စောင့်ကြည့်မှတ်တမ်းတင်သွားမယ်လို့လည်း ပြောပါတယ်။


