Home
နိုင်ငံတကာ
ရေနံရောင်းချမှုမှ ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ဟု ဗင်နီဇွဲလားယာယီသမ္မတ ပြော
DVB
·
January 21, 2026
Photo :Reuters

ဗင်နီဇွဲလားနိုင်ငံဟာ ရေနံရောင်းချမှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ပြီးဖြစ်ကြောင်း ယာယီ သမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။ 

အခုလအစောပိုင်းမှာ သမ္မတမာဒူရိုကို ဖမ်းဆီးပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ကြေညာထားတဲ့ ကာရာကတ်စ်နဲ့ ရေနံစည်ပေါင်း ၅၀ သန်း ထောက်ပံ့ရေး သဘောတူညီချက်မှ ပထမဆုံးရရှိတဲ့ ဝင်ငွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ယာယီသမ္မတ ရိုဒရီဂတ်ဇ်က “ဒီနေ့မှာ ရေနံရောင်းချမှုမှ ရန်ပုံငွေတွေ ရရှိပြီးဖြစ်ကြောင်းကို အစီရင်ခံရမှာဖြစ်ပြီး ပထမဆုံး ဒေါ်လာ သန်း ၅၀၀ ရပါတယ်။ ဒေါ်လာ သန်း ၃၀၀ ကိုတော့ လက်ခံရရှိထားပါတယ်။ ဒီရန်ပုံငွေတွေကို ဗင်နီဇွဲလား အလုပ်သမားတွေရဲ့ ဝင်ငွေကို ကာမိစေဖို့နဲ့ ငွေကြေးထောက်ပံ့ဖို့အတွက်၊ ဗင်နီဇွဲလား အလုပ်သမားတွေရဲ့ ဝယ်ယူနိုင်စွမ်းကို ကာကွယ်ဖို့၊ ငွေကြေးဖောင်းပွမှုနဲ့ ငွေလဲနှုန်းအတက်အကျရဲ့ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကနေ ကာကွယ်ဖို့ အသုံးပြုမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အရင်ဆုံး ငွေကြေးစီးဆင်းမှုကိုတော့ ဈေးကွက်ကို ခိုင်မာတည်ငြိမ်စေဖို့အတွက် ဗင်နီဇွဲလားရှိ ငွေလဲဈေးကွက်၊ အမျိုးသားဘဏ်နဲ့ ဗင်နီဇွဲလားဗဟိုဘဏ်တို့မှတဆင့် အသုံးပြုမယ်လို့ ဆိုပါတယ်။ 

အမေရိကန်နိုင်ငံက ဗင်နီဇွဲလားမှ ရေနံစည် ၅၀ သန်းကို ထုတ်ယူခဲ့ပြီး အဲဒီထဲက တချို့ကို အများပြည်သူစျေးကွက်ထဲမှာ ရောင်းချနေတယ်လို့ အင်္ဂါနေ့မှာ ထရမ့်ပ်က ပြောပါတယ်။  ဒါပေမဲ့ သင်္ဘောတင်ပို့မှုမှတ်တမ်းတွေအရတော့ အဲဒီပမာဏကို ပြည်ပကို မတင်ပို့ရသေးကြောင်း တွေ့ရှိရပါတယ်။ 

ကာတာနိုင်ငံမှာရှိတဲ့ ဘဏ်အကောင့်တခုမှာ အပ်နှံထားတဲ့ ရေနံဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ကို  ဗင်နီဇွဲလား ဘဏ် ၄ ခုကို ခွဲဝေစီးဆင်းစေမယ်လို့ အစိုးရက အသိပေးခဲ့ပြီး၊ ဒီလိုလုပ်ခြင်းကနေ ကုန်ကြမ်းပစ္စည်းတွေကို ဝယ်ယူရာမှာ ငွေပေးချေဖို့ နိုင်ငံခြားငွေ လိုအပ်နေတဲ့ ဗင်နီဇွဲလား ကုမ္ပဏီ တွေဆီကို ဒေါ်လာငွေတွေကို ပြန်လည်ရောင်းချပေးနိုင်မယ်လို့ ပြီးခဲ့တဲ့အပတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013