Home
နိုင်ငံတကာ
ဗင်နီဇွဲလားအစိုးရ ပြန်လွှတ်ပေးသည့် အကျဉ်းသားများ အပြည့်အဝမလွတ်မြောက်ဟု NGO အဖွဲ့ ပြော
DVB
·
January 15, 2026
Photo: Reuters

ဗင်နီဇွဲလားအစိုးရက မကြာသေးခင်က အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်တဲ့ လွတ်မြောက်လာသူတွေဟာ ဥပဒေကန့်သတ်ချက်တွေအောက်မှာ ရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဖွင့်လှစ်ထားဆဲဖြစ်တာကြောင့် အပြည့်အဝ လွတ်မြောက်ခြင်း မရှိသေးဘူးလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း Foro Penal က ပြောပါတယ်။

Foro Penal အန်ဂျီအိုအဖွဲ့ကို တည်ထောင်သူ အဖွဲ့ဝင်တယောက်ဖြစ်သူ ဂွန်ဇာလို ဟီမီယော့ဘ်က သူတို့အဖွဲ့ဟာ လွှတ်ပေးမိန့်တချို့ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက်မှာ သူတို့ထဲက ဘယ်သူမှ လုံးလုံးလျားလျား လွတ်မြောက်ခြင်း မရှိကြောင်းကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

တရားစွဲဆိုမှုတွေ ဆက်ရှိနေတာဟာ “ဖိနှိပ်ရေးယန္တရားကို ဖျက်သိမ်းခံရခြင်း မရှိသေးဘဲ ဆက်လက်တည်ရှိနေတယ် ဆိုတာကို ပြသနေတာပဲ” လို့ သူက ပြောဆိုပါတယ်။

အကျဉ်းထောင်ဝန်ဆောင်မှုဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၂ ရက်က ကြေညာချက်အရ အကျဉ်းသား ၁၁၆ ယောက် လွတ်မြောက်လာကြောင်း ပြောကြားခဲ့ပေမဲ့လည်း လူ့အခွင့်အရေးအဖွဲ့တွေကတော့ လွတ်မြောက်လာတဲ့ အရေအတွက် နည်းပါးကြောင်း ထုတ်ပြန်ခဲ့ပြီး အင်္ဂါနေ့အစောပိုင်း လွှတ်ပေးမှု ၅၆ ခုကို အတည်ပြုနိုင်ခဲ့ကြောင်း Foro Penal အဖွဲ့အစည်းက ပြောပါတယ်။

အကျဉ်းသားလွှတ်ပေးတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိခြင်းလို့ ဟီမီယော့ဘ်က ဝေဖန်ခဲ့ပြီး သတင်းအချက်အလက်ရှာဖွေနေတဲ့ ဆွေမျိုးတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ တိုးပွားစေခဲ့ပါတယ်။

ဟီမီယော့ဘ်က “အစိုးရက အကျဉ်းသားတွေကို အစုလိုက်အပြုံလိုက် လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ လွှတ်ပေးမဲ့သူတွေရဲ့ အမည်တွေကို ထုတ်ဖော်မပြောကြားတာကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ လက်ရှိအခြေအနေဟာ ဗင်နီဇွဲလားကနေ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပျောက်ကွယ်သွားတာနဲ့အမျှ ထိန်းသိမ်းခံရသူတွေကို အားသာချက်အဖြစ် အသုံးပြုပြီး လွှတ်ပေးလိုက် ပြန်ဖမ်းလိုက် ပုံစံမျိုး ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေက တောင်းဆိုနေတာ ကြာပါပြီ။

Foro Penal အန်ဂျီအိုအဖွဲ့ အဆိုအရ ဗင်နီဇွဲလားမှာ အနည်းဆုံး လူ ၈၀၀ လောက်ကို နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဖမ်းဆီးထားကြောင်း ပြောဆိုထားပြီး အစိုးရကတော့ နိုင်ငံရေးအကြောင်းပြချက်တွေကြောင့် ဖမ်းဆီးခံထားရသူတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013