
ဗင်နီဇွဲလားအစိုးရက အကျဉ်းသား ၁၁၆ ယောက်ကို ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း လွှတ်ပေးခဲ့တယ်လို့ ဇန်နဝါရီ ၁၂ ရက်က အကျဉ်းဦးစီးဌာနများဆိုင်ရာ ဝန်ကြီးဌာနက ကြေညာခဲ့ပေမဲ့ လွှတ်ပေးတဲ့ ကိန်းဂဏန်းက နည်းတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ပြခဲ့ပါတယ်။
လွှတ်ပေးတာတွေ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်တာ ၃ ရက်အကြာမှာမှ အစိုးရရဲ့ကြေညာချက် ထွက်လာတာဖြစ်ပြီး ညတွင်းချင်း လွတ်မြောက်လာသူ ၂၄ ယောက် အပါအဝင် ၄၁ ယောက်သာ ရှိခဲ့တယ်လို့ Foro Penal အဖွဲ့က တနင်္လာနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
သမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု စွဲချက်တွေနဲ့ နယူးယောက်တရားရုံးမှာ တရားစွဲထားပြီးတဲ့နောက် ကာရာကတ်စ်မြို့တော်မှာ တပတ်ကြာ နိုင်ငံရေးမငြိမ်မသက် ဖြစ်အပြီးမှာ အကျဉ်းသားတွေ လွတ်လာတာပါ။
လွတ်လာသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှောင့်ယှက်တာ၊ နိုင်ငံတည်ငြိမ်မှုကို ထိခိုက်စေတာနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တွေကြောင့် လွတ်လပ်ခွင့်ကို ဆုံးရှုံးခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
တောင်အမေရိကနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးတာဟာ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေရဲ့ ရေရှည်တောင်းဆိုချက်တရပ်လည်း ဖြစ်ပါတယ်။
အခုအပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဖို့ မျှော်လင့်ထားတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒိုကလည်း သူနဲ့ရင်းနှီးတဲ့ မဟာမိတ်တချို့ အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အဓိက အသံရှင်တွေထဲက တယောက်ဖြစ်ပါတယ်။
ဗင်နီဇွဲလား အမျိုးသားလွှတ်တော် အကြီးအကဲ ဂျော့ဂ်ျ ရိုဒရီဂွက်ဇ်က ဇန်နဝါရီ ၈ ရက်မှာ နိုင်ငံခြားသားနဲ့ ဗင်နီဇွဲလား အကျဉ်းသား အများအပြားကို လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူဟာ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ရဲ့ မောင်လည်း ဖြစ်ပါတယ်။
ဗင်နီဇွဲလားဟာ အခုနှစ်အစမှာတင် လူပေါင်း ၈၀၀ ထက်မနည်းကို နိုင်ငံရေးအကျဉ်းသားတွေ အဖြစ် ဖမ်းထားတယ်လို့ Foro Penal အဖွဲ့က ပြောပါတယ်။
အစိုးရကတော့ နိုင်ငံရေးအကြောင်းပြချက်တွေကြောင့် ဖမ်းဆီးခံထားရသူတွေ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
Source: Reuters


