
ဗင်နီဇွဲလားအာဏာပိုင်တွေဟာ အကျဉ်းကျ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားအကျဉ်းသား အမြောက်အမြားကို လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး စတင်လွှတ်ပေးနေပြီလို့ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟေး ရိုဒရီးဂတ်ဇ်က ဇန်နဝါရီ ၈ ရက် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အတိုက်အခံတွေရဲ့ ထပ်ခါတလဲလဲ တောင်းဆိုမှုဖြစ်တဲ့ ဒီအကျဉ်းသားလွတ်မြောက်မှုတွေဟာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလက္ခဏာတရပ်ဖြစ်ကြောင်း ရိုဒရီးဂတ်ဇ်က ပြောကြားခဲ့ပြီး ဒီဆောင်ရွက်ချက်ဟာ သူတို့တဖက်တည်းရဲ့ သဘောအရဖြစ်ပြီး တခြားပါတီတွေနဲ့ သဘောတူညီမှု မယူထားကြောင်းလည်း ပြောဆိုပါတယ်။
ဗင်နီဇွဲလား အတိုက်အခံ နိုင်ငံရေးသမား အန်ရိကေး မားကတ်စ်ဟာ ဇန်နဝါရီ ၈ ရက်က အကျဉ်းသားလွှတ်ပေးမှုမှာ လွတ်မြောက်ခဲ့ကြောင်း ဖှိုရိုပီနာလ် ဒေသခံ လူ့အခွင့်အရေးအဖွဲ့ အဆိုအရ သိရပါတယ်။
အသက် ၆၂ နှစ်အရွယ် မားကတ်စ်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်း အဒ်မွန်ဒို ဂွန်ဇာလေ့စ်ကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။
အစိုးရကို ဝေဖန်ခဲ့တဲ့ အတိုက်အခံပါတီခေါင်းဆောင်နဲ့ ဥပဒေပြုအမတ် ဘီယားဂျိုး ပီလီယယ်ရီ နဲ့အတူ လွတ်မြောက်ခဲ့တာပါ။
မြို့တော် ကရာကာ့စ်ရှိ အယ်လ်လယ်လီကိုးဒီး ထိန်းသိမ်းရေးစခန်း အပြင်ဘက်မှာလည်း အကျဉ်းကျနေသူတွေရဲ့ မိသားစု ဆွေမျိုး မိတ်ဆွေတွေ လာရောက်စောင့်ဆိုင်းနေကြပြီး ပြန်လွတ်မြောက်လာမယ့်စာရင်း သူတို့ချစ်ခင်ရသူတွေ ပါလာမလားလို့ မျှော်လင့်နေကြပါတယ်။
အကျဉ်းကျ အတိုက်အခံပါတီဝင်ဖြစ်တဲ့ သားဖြစ်သူကို စောင့်မျှော်နေတဲ့ မိခင်တယောက်ကတော့ သူ့ကို ဘယ်သူကမှ အကြောင်းကြားလာတာ မဟုတ်ဘဲ မီဒီယာမှာ သတင်းတွေ့လို့ လာစောင့်တာလို့ ပြောပါတယ်။
အကျဉ်းသားလွှတ်ပေးမဲ့အကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟေး ရိုဒရီးဂတ်ဇ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ ဗင်နီဇွဲလားမှာ ထောင်ကျနေတဲ့ ကိုလံဘီယာ အကျဉ်းသားတွေရဲ့ ဆွေမျိုးတွေလည်း နယ်စပ်တွေမှာ စောင့်ဆိုင်းနေကြပါတယ်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုလံဘီယာနိုင်ငံသား ၂၀ လောက် ဗင်နီဇွဲလား အကျဉ်းထောင်မှာ ရှိနေပါတယ်။
ရိုဒရီးဂတ်ဇ်ဟာ အမျိုးသားရေးအရ အတူတကွနေထိုင်ဖို့ ရည်ရွယ်တဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံအားပေးမှုအတွက် စပိန်ဝန်ကြီးချုပ်ဟောင်း ဟိုဆေးလူဝီး ရိုဒရီးဂဲ ဆာပါတယ်ရို၊ ဘရာဇီးသမ္မတ လူးဝစ်ဇ် အင်နာစီယို လူလာ ဒါဆေးလ်ဗားနဲ့ ကာတာအစိုးရ အပါအဝင် နိုင်ငံတကာပုဂ္ဂိုလ်တွေနဲ့ အစိုးရများစွာကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။


