
ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဥ်းထောင်ကနေ လွတ်လပ်ရေးနေ့ အကျဥ်းသားတွေကို လွတ်ငြိမ်းပေးရာမှာ ၂၈ ယောက် လွတ်လာပေမဲ့ နိုင်ငံရေးအကျဥ်းသား တယောက်မှ မပါဘူးလို့ Karenni Political Prisoners Association (KPPA) ရဲ့ တာဝန်ရှိသူက ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။
KPPA တာဝန်ရှိသူက “၂၈ ယောက်လွတ်တယ်။ တခြားအမှုတွေပေါ့၊ နိုင်ကျဥ်းတွေမပါဘူး၊ ကျန်တဲ့အမှုတွေပဲ သိတယ်မလား၊ ဆေးမှုတို့ ခိုးမှုတို့ပဲ လွှတ်တာ၊ အသေးစိတ်ကိုတော့ စုံစမ်းတုန်းပါ” လို့ ပြောပါတယ်။
စစ်တပ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်၊ အချုပ်ထောင်တွေကနေ အကျဥ်းကျခံရသူ ၆,၁၃၄ ယောက်နဲ့ နိုင်ငံခြားသား အကျဥ်းကျခံရသူ ၅၂ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်မှု နည်းပါးတယ်လို့ သိရပါတယ်။
လူသတ်မှု၊ မုဒိမ်းမှု၊ အဂတိမှု၊ မူးယစ်မှု စတဲ့ ခြွင်းချက်ပုဒ်မ ၉ ခုကလွဲပြီး တခြားပုဒ်မတွေနဲ့ ကျခံရသူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်အကျဥ်းထောင်မှာ နိုင်ငံရေးအမှုနဲ့ အကျဥ်းကျခံရတဲ့ အကျဥ်းသူ အကျဥ်းသား အယောက် ၁၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဝက်လောက်က လွတ်ရက်စေ့လို့ လွတ်လာသူ နိုင်ကျဥ်း ၂ ယောက်ကိုလည်း ရဲစခန်းမှာခေါ်ထားပြီး နောက်အမှုတခုနဲ့ ဖမ်းဆီးထားပါတယ်။


