
တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသားတွေက ပြောပါတယ်။
မြိတ်အကျဥ်းထောင်ဝန်ထမ်းတွေက ညဂျူတီဝင်ချိန်မှာ မူးယစ်ဆေးဝါးတွေ သယ်လာပြီး အကျဥ်းသားအချင်းချင်း ဖိနှိပ်အုပ်ချုပ်နေတဲ့ တန်းစီးတွေကတဆင့် ဖြန့်ဖြူးရောင်းချတာတွေ ပြုလုပ်နေတာ တလကျော်ခန့် ရှိနေပြီလို့ ဆိုပါတယ်။
မြိတ်ထောင်မှာ WY ခေါ် စိတ်ကြွမူးယစ်ဆေးဝါး တလုံးကို ၁၅,၀၀၀ ကျပ် ပေးရပြီး De-Tussin ခေါ် ချောင်းဆိုးပျောက်ဆေး ၁၀ လုံးပါ တကတ်ကို ၈,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိကာ မူးယစ်ဆေးဝါးအဖြစ် အသုံးပြုနေကြတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဥ်းသားဟောင်းတွေက ပြောပါတယ်။
အမည်မဖော်လိုသူ အကျဥ်းသားဟောင်းတယောက်က “WY ၂ လုံးဆို မီးခြစ်ပါရတယ်။ ခဲပြားဖိုးက ၁၀,၀၀၀ ပေးရတယ်။ တချို့ကလည်း WY ပဲဝယ်ပြီး ကော်ဖီနဲ့ ဖျော်သောက်ကြတယ်။ ရေနဲ့ မျိုချကြတယ်။ သုံးကြတဲ့သူတွေက ဆေးအမှုနဲ့ ထောင်ကျသူတွေ များတယ်” လို့ ပြောပါတယ်။
မြိတ်ထောင်က တပ်သား နိုင်ကိုကို၊ တပ်သား သန့်ဇင်စိုး၊ တပ်သား သန်းထိုက်ဝင်း၊ တပ်သား သန်းဝင်အောင် တို့က မူးယစ်ဆေးဝါးတွေ သယ်လာပြီး ထောင်ပိုင်၊ ထောင်မှူးနဲ့ အဆောင်မှူးတို့က မျက်ကွယ်ပြုထားတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုသူ အကျဥ်းသားဟောင်း နောက်တယောက်က “မူးယစ်ဆေးဝါးကြောင့် အိမ်ကမိသားစုဆီ ငွေပိုတောင်း၊ လိမ်တောင်းတာတွေ ရှိလာတယ်။ WY အကြောင်းပြပြီး ထောင်ဝန်ထမ်းတွေရဲ့ အနိုင်ကျင့်မှုတွေ ခံလာရနိုင်တယ်။ ထောင်အာဏာပိုင်တွေက ဆေးသွင်းတဲ့ ဝန်ထမ်းကျ အပြစ်မယူဘဲ ဆေးတွေ့တဲ့ အကျဥ်းသားကိုကျတော့ ပိုက်ဆံတောင်းတာတို့ အဆောင်ပြောင်းတာတို့ လုပ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်တုန်းကလည်း မြိတ်ထောင်မှာ Dextromethorphan ခေါ် ချောင်းဆေးပျောက်ဆေး တမျိုးကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတယ်လို့ အကျဥ်းသားဟောင်းတွေဆီက သိရပါတယ်။


