
ဓာတုဗေဒနည်းနဲ့ ထုတ်လုပ်ပြီး ဘိန်းနဲ့ အာနိသင်ဆင်တူတဲ့ ဖန်တနော မူးယစ်ဆေးကို အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်အဖြစ် သတ်မှတ် ကြေညာတဲ့ အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာခဲ့တဲ့ ထရမ့်ပ်ရဲ့ လုပ်ဆောင်ချက်ဟာ နှစ်စဉ် အလွန်အကျွံ သုံးစွဲမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ဖန်တနောဆေးကို တိုက်ဖျက်ဖို့ အမေရိကန်အစိုးရရဲ့ အခွင့်အာဏာကို သိသိသာသာ တိုးချဲ့ပေးလိုက်တာ ဖြစ်ပါတယ်။
အခုလို မူးယစ်ဆေးဝါးအတွက် မကြုံစဖူး သတ်မှတ်ချက်ဟာ ပင်တဂွန်စစ်ဌာနချုပ်နဲ့ ထောက်လှမ်းရေး အေဂျင်စီတွေကို ဓာတုလက်နက်တွေကို တန်ပြန် ချေမှုန်းရေး သီးသန့်ထားလေ့ရှိတဲ့ ကိရိယာတွေကို ထိထိရောက်ရောက် အသုံးချနိုင်စေပါတယ်။
မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိုင်းဘောင်ကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုရဲ့ အရင်းခံ အကြောင်းရင်းတွေကို ဖြေရှင်းတာဟာ ဖန်တနောဆေးအလွဲသုံးစားမှုကို ကိုင်တွယ် ဖြေရှင်းဖို့ အဓိကသော့ချက်ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
ရှိုင်းဘောင်က “မူးယစ်ဆေးဝါး သုံးစွဲမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတဲ့ ကျမတို့ရဲ့ အမြင်က ကွဲပြားပါတယ်။ ရာဇဝတ်မှုတွေကို တရားစွဲဆိုရမယ်။ ဒါပေမဲ့ အဓိကပြဿနာက အကြောင်းရင်းတွေကို နားလည်ပြီး ဖြေရှင်းဖို့ပါ”လို့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဖန်တနောကို လက်နက်အဖြစ် တံဆိပ်ကပ်ခြင်းဟာ အရင်းခံပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ရှိုင်းဘောင်က သတိပေးခဲ့ပါတယ်။
ဖန်တနောကိုလည်း မေ့ဆေးအဖြစ် တရားဝင်သုံးနေတာကို ထောက်ပြခဲ့ပြီး အမေရိကန် စီမံချက်ရဲ့ အတိုင်းအတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်စေခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ အမေရိကန်နိုင်ငံဆီ တရားမဝင် ဖန်တနောလ် တင်ပို့မှုရဲ့ အကြီးဆုံးရင်းမြစ်ပါ။
ဆေးဝါးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းများစွာဟာ တရုတ်နိုင်ငံကနေ လာတာ ဖြစ်ပြီး ဒီပစ္စည်းဟာ အမေရိကန်မှာ အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုတွေရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။
Source: Reuters


