
နေပြည်တော်မှာ နေထိုင်သူတွေ စီမံ သယ်ဆောင်တဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေး ကျပ်သန်း ၁၅,၀၀၀ ကျော်ဖိုးကို စစ်ကိုင်းမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မူးယစ်ဆေး ထိန်းချုပ်ရေး ဗဟိုအဖွဲ့က ဒီဇင်ဘာ ၁၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၆ ရက်က စစ်ကိုင်းမြို့၊ ရွာထောင် မီးရထားရပ်ကွက်၊ ဈေးလမ်းက စိုးလွင်ရဲ့ နေအိမ်ကို သတင်းအရဝင်ရှာရာမှာ စိုးလွင်နဲ့ မခင်ဆွေမြင့် တို့ကို ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ခြံဝင်းထဲမှာ ရပ်ထားတဲ့ Hyundai Porter II ကားနဲ့အတူ မိုးမင်းစံနဲ့ မျိုးသူရ တို့ကို ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းနဲ့၊ TownAce Light Truck ကားနဲ့အတူ ချစ်ကိုကိုနိုင်နဲ့ ခင်မောင်ဇော်တို့ကို ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ဒသမ ၀၅ သိန်းနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဖမ်းဆီးရမိတာ စုစုပေါင်း ဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို၊ စိတ်ကြွဆေးပြား ၅ ဒသမ ၇ သန်း၊ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်သန်း ၁၅,၅၇၀ ကျော်ရှိတယ်လို့ ဖော်ပြပါတယ်။
ကွင်းဆက်ဖော်ထုတ်ချက်တွေအရ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းရွာနေ ဘုန်းမြတ်စံ(ခ) သားငယ်၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင်(ခ)ဖက်တီး တို့ရဲ့ အစီအမံနဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်နေ ထွန်းထွန်းနိုင် က တာဝန်ခံ သယ်ဆောင်တာဖြစ်ပြီး သူတို့ကိုတော့ ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးတွေကို ရှမ်းပြည်နယ်ကနေ စစ်ကိုင်းတိုင်းကို အဲဒီကနေ မန္တလေးမြို့ကို ဆက်သယ်တာလို့သိရပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။


