
မော်ရိုကိုနိုင်ငံကနေ စပိန်နိုင်ငံဆီကို ဆေးခြောက်တွေ မှောင်ခိုသွင်းဖို့ ရဟတ်ယာဉ်တွေနဲ့ ဝင်လာတဲ့ ရာဇဝတ်ဂိုဏ်းတခုကို ဖြိုခွင်းခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
လေကြောင်း မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို တားဆီးတဲ့ ရှားရှားပါးပါး စစ်ဆင်ရေးတခုလည်း ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး ကီလိုဂရမ် ၅၀၀ ကနေ ၉၀၀ အထိ သယ်နိုင်တဲ့ ရဟတ်ယာဉ်တွေဟာ မြေထဲပင်လယ်ကိုဖြတ်ပြီး စပိန်နိုင်ငံတောင်ပိုင်းဆီ ပျံသန်းခဲ့တာပါ။
တရားမဝင် ကုန်ပစ္စည်းတွေကို ဥရောပရဲ့ တခြားဒေသတွေဆီ ကုန်းလမ်းနဲ့ တင်ပို့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရဲတွေက မာလာဂါ၊ အယ်လ်မီးရီးယားနဲ့ မာစီယာပြည်နယ်တွေထဲက ဂိုဏ်းတွေကို စီးနင်းမှုတွေအတွင်း သီးခြားဂိုဒေါင်တခုထဲမှာ သိမ်းထားတဲ့ ရဟတ်ယာဉ်တွေထဲက တစီးနဲ့အတူ ဟာရှစ်ရှ်ဆေးခြောက် ၆၅၇ ကီလိုဂရမ်၊ သေနတ်ငါးလက်၊ ငွေသားနဲ့ အတူ ယာဉ်တွေကို သိမ်းဆည်းခဲ့ပါတယ်။
မော်ရိုကို၊ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေပါ ပါတဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးမှု ၆ ခုကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဥရောပတိုက်မှာ စပိန်နိုင်ငံရဲ့ ပထဝီဝင် အနေအထားကြောင့် အဓိကအားဖြင့် မော်ရိုကိုနိုင်ငံက ဆေးခြောက်နဲ့ လက်တင်အမေရိကကနေ ခိုးသွင်းလာတဲ့ ကိုကင်းအတွက် စပိန်ဟာ ဥရောပဆီ အဓိကဝင်ပေါက်တခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဟာရှစ်ရှ်ဆေးခြောက်ကို ပင်လယ်ရေကြောင်းကနေ တဆင့် ခိုးသွင်းလေ့ရှိပါတယ်။
Source: Reuters


