
ဗင်နီဇွဲလား ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံက သင်္ဘော ၆ စင်းကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။
ပိတ်ဆို့ဒဏ်ခတ်မှုတွေထဲမှာ ဗင်နီဇွဲလားသမ္မတ မာဒူရို ဇနီးရဲ့ တူ ၃ ယောက် အပါအဝင် စီးပွားရေးလုပ်ငန်းရှင် တယောက်နဲ့ သင်္ဘောတွေ ပါဝင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလဲဗစ်က Skipper ဆိုတဲ့ သင်္ဘောကို ဖမ်းဆီးထားပြီး အဲဒီသင်္ဘောဟာ တရားမဝင် ရေနံတင်ပို့တဲ့ သင်္ဘောတွေထဲမှာ ပါဝင်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံကတော့ ဒီလို သင်္ဘောဖမ်းဆီးတာက နိုင်ငံတကာ ပင်လယ်ဓားပြတိုက်တဲ့ အပြုအမူဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒါဟာ အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖိအားပေးမှု အရှိန်မြင့်တက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း အမေရိကန် စစ်သင်္ဘောတွေ ဖြန့်ကြက်ပြီး ဗင်နီဇွဲလားနိုင်ငံကို ဖိအားပေးနေတာ ဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရကလည်း ဗင်နီဇွဲလားနိုင်ငံဟာ နာကိုတစ် မူးယစ်ဆေးတွေ အမေရိကန်နိုင်ငံထဲကို ရောက်ရှိအောင် ပြုလုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
ဗင်နီဇွဲလားကလည်း သူတို့နိုင်ငံရဲ့ ရေနံပေါကြွယ်ဝမှုကို အမေရိကန်က ခိုးယူဖို့ မျက်စိကျနေတယ်လို့ ပြန်ပြီး စွပ်စွဲထားပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ ရေနံကိုလိုနီနိုင်ငံအဖြစ် ဘယ်တော့မှ အရောက်ခံမှာ မဟုတ်ဘူးလို့ ကတိပြုထားတဲ့အကြောင်း မာဒူရိုက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။
အမေရိကန်က Skipper သင်္ဘောကို ၂၀၂၂ ခုနှစ်က ပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်ခဲ့ဖူးတယ်လို့ CBS က ဖော်ပြခဲ့ပါတယ်။
ရေနံမှောင်ခိုရောင်းချမှုနဲ့ ဟစ်ဇ်ဘိုလာနဲ့ အီရန် Qud force အတွက် ငွေကြေးရှာဖွေပေးနေတယ်လို့ စွပ်စွဲချက်နဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားကနေ အမေရိကန်ပြည်ထောင်စုကို ကုန်းလမ်းကတဆင့် မူးယစ်ဆေးဝါးတင်ပို့မှုတွေကို တားဆီးဖို့အတွက် အရေးယူတိုက်ခိုက်မှုတွေကို မကြာခင် စတင်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီဇင်ဘာ ၁၁ ရက် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထရမ့်ပ်က “မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါး ကုန်သွယ်မှုက ၉၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၈ ရာခိုင်နှုန်းက ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကုန်းပေါ်မှာလည်း ကျနော်တို့ ဖြေရှင်းသွားမှာပါ။ မကြာခင်မှာ ကုန်းပေါ်မှာ စတင်တော့မှာပါ” လို့ ပြောပါတယ်။
“နောက်ထပ်အကြောင်းအရာတခုကတော့ ဗင်နီဇွဲလားတွေဟာ အကျဉ်းထောင်တွေ၊ ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ စိတ်ရောဂါကု ဆေးရုံတွေကနေ အမေရိကန်နိုင်ငံထဲကို လူသန်းပေါင်းများစွာ ဝင်ရောက်ခွင့်ပြုခဲ့ပြီး တခြားဘယ်နိုင်ငံထက်မဆို အချိုးကျ ပိုများနေတယ်။ သူတို့ဟာ နိုင်ငံအများအပြားကနေ ဝင်လာတာဖြစ်ပြီး အခု သူတို့ကို နှင်ထုတ်နေတာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။
“ကျနော်တို့ နိုင်ငံထဲကို လူသတ်သမား ၁၁,၈၈၈ ယောက် ရောက်လာပြီး သူတို့ထဲက အများစုဟာ ဗင်နီဇွဲလားကပါ။ အကြမ်းဆုံးဂိုဏ်းလို့ ပြောကြတဲ့ ထရန်းဒီ အာရဂွါ ဂိုဏ်းက သူတို့ရဲ့အဖွဲ့သားတွေ ထောင်နဲ့ချီပြီး ဝင်လာခဲ့တယ်။ ကယ်လီဖိုးနီးယား ရာဇဝတ်ဂိုဏ်းဖြစ်တဲ့ MS13 က တော်တော်ကို ဆိုးလှပြီ ဆိုပေမဲ့ ထရန်းဒီ အာရဂွါဂိုဏ်းက ဗင်နီဇွဲလားထောင်တွေကနေ ထွက်လာတဲ့ အကြမ်းဖက်မှု အဆိုးသွမ်းဆုံးလို့ ပြောကြပါတယ်” လို့လည်း ဆိုပါတယ်။
“သူတို့က ကျနော်တို့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်။ အခု ကျနော်တို့ကလည်း သူတို့ကို သိပ်ကောင်းကောင်း မဆက်ဆံပေးနိုင်တော့ဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။
မကြာသေးတဲ့ ရက်သတ္တပတ်တွေအတွင်း ကုန်းလမ်းမှတဆင့် မှောင်ခိုတင်သွင်းနေတဲ့ မူးယစ်ဆေးဝါးတွေကို စတင်တိုက်ခိုက်နှိမ်နင်းဖို့ ထရမ့်ပ်က အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။


