
ထိုင်ဝမ်နိုင်ငံသားတွေက ကိုယ့်ကိုယ်ကိုယ် အားကိုးတာက အရေးကြီးတုန်းပဲလို့ ဒီဇင်ဘာ ၈ ရက်မှာ ပြောခဲ့ပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပဋိပက္ခကို ကာကွယ်ဖို့ ရည်ရွယ်ထားတယ်လို့ ကြားသိရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောလိုက်ပါတယ်။
ထိုင်ဝမ်ပဋိပက္ခကို တားဆီးဖို့ အကောင်းဆုံးကတော့ စစ်ရေးအရ ယှဉ်ပြိုင်မှုကို ထိန်းသိမ်းတာက အကောင်းဆုံး ဦးစားပေးဖြစ်တယ်လို့ ထရမ့်ပ်အစိုးရက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင် အမျိုးသားလုံခြုံရေး မဟာဗျူဟာ စာရွက်စာတမ်းမှာ ဖော်ပြပါတယ်။
မကြာသေးမီက စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အလန်ချန်က ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အမေရိကန်က ထောက်ခံကြောင်း ဖော်ပြတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ မဟာဗျူဟာ စာရွက်စာတမ်းမှာ ပဋိပက္ခကိုကာကွယ်ဖို့ ကတိပြုထားပေမဲ့ ထိုင်ဝမ်က စစ်ရေးစွမ်းရည်တွေကို အားဖြည့်ထားသင့်တယ်လို့ အသက် ၃၅ နှစ်အရွယ် အစိုးရမန်နေဂျာ ဟွမ်ဂျွန်ဂျီက ပြောပါတယ်။
“တခြားသူတွေက ကျနော်တို့ကို ကူညီဖို့ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကျနော်တို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ကျနော်တို့ တာဝန်ယူရမယ်။”
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ကိုယ်ပိုင်နယ်မြေအဖြစ် ရှုမြင်ပြီး တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်ကို သူ့ထိန်းချုပ်မှုအောက် သွတ်သွင်းရာမှာ အင်အားသုံးဖို့ကို ဘယ်သောအခါမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံငယ်တွေက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောဆိုတာတွေ အပါအဝင် ဒေသတွင်း တောင်းဆိုချက်တွေ ကျယ်ပြန့်လာနေပါတယ်။
Source: Reuters


