
မော်ရိုကိုနိုင်ငံရဲ့ ရှေးဟောင်းအကျဆုံးမြို့တွေထဲက အဓိက ခရီးသွားနေရာတခုဖြစ်တဲ့ ဖက်ဇ်မြို့မှာ ဒီဇင်ဘာ ၉ ရက် နှောင်းပိုင်းက ဘေးချင်းကပ် အဆောက်အအုံ ၂ ခု ပြိုကျသွားခဲ့တာကြောင့် လူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရရှေ့နေရုံးက အတည်ပြု ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာတော့ အပျက်အစီးတွေကို ဘူဒိုဇာတွေနဲ့ ရှင်းလင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။
အဆောက်အအုံ ၂ ခုစလုံးမှာ ၄ ထပ်ရှိကြောင်းနဲ့ အဆောက်အအုံတခုမှာတော့ လူနေထိုင်မှုမရှိဘဲ ဒုတိယအဆောက်အအုံမှာတော့ ကလေးမွေးဖွားတာကို အထိမ်းအမှတ်ပြုတဲ့ အာကီကာဟ်ကို ရိုးရာမွတ်စလင်ပွဲတော် ကျင်းပနေကြောင်း ဖက်ဇ်မြို့ အစိုးရရှေ့နေက ကြေညာချက်မှာ ပြောပါတယ်။
ပွဲတော်ကျင်းပနေတဲ့ အဆောက်အအုံမှာ မိသားစု ၈ စု နေထိုင်ကြောင်း ဒေသန္တရအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သေဆုံးသူ အရေအတွက်ဟာ အစောပိုင်းထုတ်ပြန်မှုသာဖြစ်ပြီး စုံစမ်းစစ်ဆေးရေး စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက မြောက်ပိုင်းမြို့ မက္ကနက်ဇ်မှာ သမိုင်းဝင် မျှော်စင်တခု ပြိုကျခဲ့လို့ လူ ၄၁ ယောက် သေဆုံးခဲ့ပြီး နောက်ပိုင်း ဗုဒ္ဓဟူးနေ့က ပြိုကျမှုဟာ မော်ရိုကိုမှာ အဆိုးရွားဆုံး ဖြစ်ရပ်တွေထဲက တခုဖြစ်ပါတယ်။
Source: Reuters


