
အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီလောက်က ပြင်းအား ၆ ဒသမ ၃ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ပြီးတဲ့နောက် လူ ၂၇ ယောက်ထက်မနည်း သေဆုံးပြီး လူရာချီ ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ငလျင်ဟာ ဘာ့လ်ခ်၊ စာမန်ဂံ၊ စာအီပါလ်၊ ဘက်ဟလန်နဲ့ ခန်းဒုဇ်ပြည်နယ်တွေ အပါအဝင် မြောက်ပိုင်းပြည်နယ် အများအပြားကို လှုပ်ခတ်ခဲ့ပြီး လူအယောက် ၇၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဘက်ခ်တာနယူးစ် သတင်းဌာနက ဖော်ပြပါတယ်။
ထိခိုက်ဒဏ်ရာရသူ အများစုဟာ ဆာမန်ဂံနဲ့ ဘာ့လ်ခ်ပြည်နယ် မြောက်ပိုင်းက လူတွေလို့ သတင်းပို့ထားပါတယ်။
ငလျင်ကြောင့် လူသေဆုံးမှုတွေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ပြင်းထန်ခဲ့တယ်လို့ အာဖဂန် လခြမ်းနီအသင်းက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေ ပါတယ်။
ဘာ့လ်ခ်ပြည်နယ်ရဲ့ မြို့တော် မက်ဇားအီ ရှရစ်ဖ်မှာလည်း ထိခိုက်ဒဏ်ရာသူတွေနဲ့ ပိုင်ဆိုင်မှု အပျက်အစီးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တမန်တော် မိုဟာမက်ဒ် ကွယ်လွန် မြှုပ်နှံရာ သမိုင်းဝင် ရော်ဇာ မူဘာရက်ခ် ဗိမာန်လည်း ပျက်စီးခဲ့ပါတယ်။
ငလျင်ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲက တခုဖြစ်တဲ့ မက်ဇာအီ ရှရစ်ဖ်နား မြေအောက် ၁၇ ဒသမ ၄ မိုင် အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းက ပြောပါတယ်။
ငလျင်ဒဏ်ခံရသူတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးဖို့ ဆေးရုံအားလုံးကို အပြည့်အဝ အသင့်ပြင်ထားဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။
Source: Reuters


