
အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ အကြီးဆုံးမြို့တမြို့ဖြစ်တဲ့ မာဇာအီရှရီအနီးမှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး လူရာနဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။
မာဇာအီရှရီမှာ လူ ၅ သိန်းဝန်းကျင်နေထိုင်ပြီး တနင်္ဂလာနေ့ မနက် ၁ နာရီမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဘူမိလေ့လာရေးအဖွဲ့က ငလျင်ပြင်းအား ပမာဏက ၆ ဒသမ ၃ ရှိပြီး အနက် ၂၈ ကီလိုမီတာ ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီငလျင်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ များမယ်လို့ ဖော်ပြပါတယ်။
ငလျင်ကြောင့် လက်ရှိအချိန်အထိ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး လူ ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ ဩဂုတ်လအကုန်ကလည်း ပြင်းအား ပမာဏ ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအယောက် ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အာဖဂန်နစ္စတန်ရဲ့ တောင်ထူထပ်တဲ့ အရှေ့ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးလက်ဒေသက အိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
အာဖဂန်နစ္စတန်ဟာ အိန္ဒိယနဲ့ ဥရောပအာရှ ကျောက်လွှာထိစပ်နေတဲ့ နေရာမှာရှိပြီး ငလျင်လှုပ်ခတ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။
Source: Reuters


