
ပီရူးနိုင်ငံမြို့တော် လီမာမှာ ဒီဇင်ဘာ ၁၆ ရက်က ဖမ်းဆီးရမိတဲ့ တရားမဝင် မူးယစ်ဆေးဝါး ၈ ဒသမ ၈ တန်ကို မီးရှို့ရာမှာ ကြီးကြပ်ခဲ့တယ်လို့ ပီရူးပြည်ထဲရေးဝန်ကြီး ဗင်းဆင့်တီဘာစီယို အော်ဘေဇိုက ပြောကြားလိုက်ပြီး ဒါဟာ ဒီနှစ်အတွင်း ၆ ကြိမ်မြောက်နဲ့ နောက်ဆုံး မီးရှို့ဖျက်ဆီးမှု ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်လွှင့်တဲ့ ရုပ်သံထဲမှာ ကုန်လှောင်ရုံဝန်ထမ်းတွေက မူးယစ်ဆေးအိတတွေကို ချိန်တွယ်နေပြီး မှုခင်းစစ်ဆေးရေး အရာရှိတွေက ဓာတုပစ္စည်း နမူနာတွေကို စမ်းသပ်နေတာနဲ့ မူးယစ်ဆေးတွေကို မီးရှို့မဲ့ မီးဖိုထဲ မထည့်မီ ဝန်ကြီးက စစ်ဆေးနေတာ တွေ့ရပါတယ်။
ဒီနှစ်မှာ မီးရှို့ဖျက်ဆီးသမျှ စုစုပေါင်း မူးယစ်ဆေး ၅၅ ဒသမ ၆ တန် ရှိပြီး သူတို့ရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ကိုကင်းအခြေပြု မူးယစ်ဆေးတွေလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ပီရူးအမျိုးသား ရဲတပ်ဖွဲ့ရဲ့ ပြည်လုံးကျွတ် မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးတွေအတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ ဌာနချုပ်မှာ မီးရှို့ခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒီမီးရှို့ပွဲကို အမေရိကန်သံရုံး ကိုယ်စားလှယ်တက်ရောက်တာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက် အားထုတ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။


