
နိုင်ငံတကာရေပိုင်နက်ထဲက သင်္ဘော ၃ စီးကို ဒီဇင်ဘာ ၁၅ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
“သင်္ဘောတွေဟာ အရှေ့ပစိဖိတ်ဒေသက မူးယစ်ဆေးဝါးရောင်းဝယ်မှု လမ်းကြောင်းတွေတလျှောက် ဖြတ်သန်းသွားလာနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတာကို ထောက်လှမ်းရေးက အတည်ပြုခဲ့တယ်” လို့လည်း အမေရိကန်စစ်တပ်က X လူမှု ကွန်ရက် ပေါ်ကနေ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားကနေ အမေရိကန်ဆီ ကုန်းလမ်းကတဆင့် မူးယစ်ဆေးဝါး တင်ပို့နေတာတွေကို တားဆီးဖို့ အမေရိကန်က မကြာမီ စပြီးတိုက်ခိုက်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်က သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ဒီဇင်ဘာ ၁၁ ရက်က ပြောခဲ့ပါတယ်။ ၏
ကုန်းလမ်းကတဆင့် မှောင်ခိုတင်သွင်းနေတဲ့ မူးယစ်ဆေးဝါးတွေကို စပြီးတိုက်ခိုက်တော့မယ်လို့ ထရမ့်ပ်က မကြာသေးမီ သီတင်းပတ် တွေအတွင်း အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့တာပါ။
အမေရိကန်ဟာ အခုသီတင်းပတ်မှာ ရေနံတင်သင်္ဘောတစီးကို ဖမ်းဆီးပြီးတဲ့နောက် ဗင်နီဇွဲလားရေနံတင်သင်္ဘောတွေကို ပိုတားနိုင်အောင် ပြင်ဆင်နေပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအပေါ် ဖိအားတွေ တိုးမြင့်လာစေတယ်လို့ ဒီကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်ခြောက်ခုက ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဟာ ဗင်နီဇွဲလားရေနံစိမ်း သယ်ယူပို့ဆောင်ရေးမှာ ပါတဲ့ သင်္ဘောပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ရေကြောင်းအေဂျင်စီတွေကို သတိပေးထားပြီး လာမယ့်ရက်တွေအတွင်း ဗင်နီဇွဲလားရေပိုင်နက်ထဲကနေ စီစဉ်ထားတဲ့အတိုင်း ထွက်ခွာဖို့ ရှိမရှိကို အများအပြားက ပြန်စဉ်းစားနေတယ်လို့ သင်္ဘောသတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။
Source: Reuters


