
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဉ်းသားအမျိုးသမီးများအဖွဲ့ (WOPP) က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကျန်းမာရေးထိခိုက်စေတဲ့ အစားအသောက်တွေ ကျွေးကာ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို အခုလို အခြေအနေပေါ် နိုင်ကျဉ်းအခွင့်အရေးလှုပ်ရှားသူတွေက ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာရင် ထပ်ဆင့်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်အတွင်းမှာ ကျွေးမွေးတဲ့ အစားအသောက်တွေဟာ စားသောက်မရတဲ့အထိ ဆိုးရွားလာတဲ့အတွက် အစာအိမ်နာတာ၊ ဗိုက်အောင့်တာတို့ဖြစ်နေပြီး အစာအိမ်ရောဂါအခံရှိတဲ့ အကျဉ်းသားတွေဟာ ရောဂါပိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်နှိပ်စက်တာ၊ လိုအပ်တဲ့ ဆေးဝါးကုသခွင့် မပေးတာ၊ မိသားစု တွေ့ဆုံခွင့် ကန့်သတ်တာတွေအပြင် မိသားစုက ပေးပို့လာတဲ့ ထောင်ဝင်စာတွေကို အရည်အသွေးညံ့တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်တာတွေနဲ့အတူ အခြေခံလူသားအခွင့်အရေးများကို ဆက်တိုက် ချိုးဖောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
WOPP အနေနဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်မြောက်ခွင့်ပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။


