စစ်အာဏာသိမ်းပြီး ၅ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ စုစုပေါင်း ၂၇၄ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) က ဖေဖော်ဝါရီ ၁ရက်မှာ ထုတ်ပြန်လာပါတယ်။
နိုင်ငံတဝန်းကအကျဉ်းထောင် ၃၂ ခုမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆေးကုသခွင့် မရတာ၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပစ်ခတ်သတ်ဖြတ်မှု၊ သဘာဝဘေးအန္တရာယ်နဲ့ မတရားသေဒဏ်ပေးမှုတွေ ကြောင့် သေဆုံးမှုတွေ သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ၂၀၂၅ ခုနှစ် တစ်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသား ၁၁၃ ယောက် အထိ သေဆုံးခဲ့ပြီး၊ အိုးဘိုထောင်မှာ သေဆုံးသူအများဆုံးဖြစ်တယ်လို့ MPW က ထောက်ပြပါတယ်။
ဒီလို သေဆုံးမှုတွေဟာ မတော်တဆ မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို စစ်အုပ်စုကအကြောက်တရားနဲ့ ဖိနှိပ်ထိန်းချုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။






