
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂ ယောက် ဆေးကုသခွင့် မရရှိခဲ့တာကြောင့် သေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှု ကွန်ရက် (JNPP) က ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တွေအကျဉ်းထောင်အတွင်း နိုင်ငံရေး ပုဒ်မတွေဖြစ်တဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ တို့နဲ့ ထောင်ဒဏ် နှစ် ၄၀ ခံမှတ်ခံထားတဲ့ ဦးသိန်းထွန်းစိန်နဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ မစောမေတင်တို့ ၂၀၂၅ ခုနှစ်အတွင်းမှာ သေဆုံးခဲ့ကြတာလို့ JNPP က ဆိုပါတယ်။
အသက် ၄၂ နှစ်အရွယ် ဦးသိန်းထွန်းစိန်ဟာ ဗိုက်အောင့် ဝေဒနာကို ကာလရှည်ခံစားခဲ့ရပြီး ထောင်အာဏာပိုင်တွေက ကျန်းမာရေးစောင့်ရှောက်ခွင့် မပေးခဲ့တဲ့အတွက် အသက်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
အသက် ၃၂ နှစ်အရွယ် မစောမေတင်ဟာလည်း စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ပဲ ဆေးကုသခွင့်မရရှိဘဲ ထောင်တွင်းမှာ သေဆုံးခဲ့ရတာလို့ JNPP က ပြောပါတယ်။
ဦးသိန်းထွန်းစိန်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ဗိုက်အောင့်ပြီး ဆေးရုံကို အရေးပေါ်ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာဖြစ်ပြီး မစောမေတင် သေဆုံးမှုနဲ့ပတ်သတ်လို့ ရက်၊ လတွေ အတိအကျမသိရပေမဲ့ စစ်တွေ အကျဉ်းထောင်အထဲမှာ စစ်ကြောရေးရဲ့ နှိပ်စက်မှုကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆေးသကုခွင့်နဲ့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားမှုဟာ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်းသေဆုံးရတာလို့ ရခိုင်က နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုသခွင့် ပိတ်ပင်တာ၊ မိသားစုဝင်တွေနဲ့ ထောင်ဝင်စာ တွေ့ခွင့်ပိတ်ပင်ထားတာဟာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာတွေ တွေ့ရတယ်။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကနေ နာမည်မရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအထိ စစ်ကောင်စီက စနစ်တကျ ဖိနှိပ်ထားတာဖြစ်တယ်။ အာဏာသိမ်းပြီး အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လစဉ်လတိုင်း သေဆုံးမှုဖြစ်နေတာဟာ စစ်ကောင်စီရဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်နည်းပါးမှုနဲ့ ဗျူဟာမြောက် သတ်ဖြတ်မှုတွေကြောင့်ဖြစ်တယ်။”
စစ်တွေအကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ အပေါ် အသက်သေဆုံးတဲ့ အထိ ဆေးကုသခွင့်မပေးဘဲ ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကိုလည်း နိုင်ငံတကာသိအောင် ဖော်ထုတ်ပြီး သူတို့ရဲ့ ကျူးလွန်မှုတွေကိုလည်း မှတ်တမ်းအဖြစ် ထိန်းသိမ်းကာ နောင်တချိန်မှာ ကျူးလွန်မှုတွေအတွက် အပြည့်အဝတာဝန်ယူရအောင် ကြိုးစားသွားမယ်လို့လည်း JNPP က ပြောပါတယ်။


