
အီတလီနိုင်ငံမှာ ကျင်းပတဲ့ မီလန်နိုကော်တီနာ ၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ရုပ်သံထုတ်လွှင့်မှုအတွက် ဒရုန်းတွေကို ကျယ်ပြန့်စွာ အသုံးပြုထားတာကြောင့် ကြည့်ရှုသူတွေက အားကစားသမားတွေနဲ့အတူ ပြိုင်ပွဲဝင်နေသလို ခံစားနိုင်ခဲ့ကြပါတယ်။
အားကစားသမားတွေရဲ့ မြန်နှုန်း၊ ကျွမ်းကျင်မှုနဲ့ နီးကပ်တဲ့ လှုပ်ရှားမှုတွေကို လက်တွေ့ အနီးကပ်ခံစားရသလို ဖြစ်စေပြီး ထုတ်လွှင့်မှုအဆင့်ကို အရင်က မရှိခဲ့တဲ့အဆင့်ကို မြှင့်တင်ပေးခဲ့ပါတယ်။
FPV (First Person View) ဒရုန်းတွေကို နှင်းလျှောကစားသမားတွေကို တောင်စောင်းအောက်ဆီ တနာရီ ၁၂၀ ကီလိုမီတာမြန်နှုန်းနဲ့ လိုက်လံရိုက်ကူးတာ ဒါမှမဟုတ် လူးဂျ် (luge) နဲ့ စကယ်လီတန် (skeleton) ပြိုင်ပွဲတွေမှာ ရေခဲပြင်ချောင်းလမ်းကြောင်းအတွင်း လိုက်ပါရိုက်ကူးတာမျိုး မြင်တွေ့ရပါတယ်။
အဲဒီလို ဆန်းသစ်တဲ့ ရိုက်ကူးမှုတွေနဲ့ မတူညီတဲ့ မြင်ကွင်းထောင့်တွေကြောင့် ပရိသတ်တွေဟာ ပြိုင်ပွဲအနီးကို ပိုမိုနီးကပ်လာနိုင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ အသုံးပြုထားတဲ့ ကိုယ်တိုင် အထူးပြုတည်ဆောက်ထားသော FPV ဒရုန်း ၁၅ လုံးဟာ အလေးချိန် ၂၅၀ ဂရမ်အောက်သာရှိပြီး တလုံးကို ယူရို ၁၅,၀၀၀ လောက်သာ ကုန်ကျပါတယ်။
အဲဒီဒရုန်းမှာ တပ်ဆင်ထားတဲ့ ထုတ်လွှင့်ရေးကင်မရာနဲ့ မောင်းနှင်သူ ဝတ်ဆင်ထားတဲ့ အထူးမျက်မှန်တွေဟာ ချိတ်ဆက်ထားတဲ့အတွက် မောင်းနှင်သူဟာ ဒရုန်းပျံသန်းနေတဲ့ နေရာတွေကို အတိအကျ မြင်နိုင်တာလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် နယ်သာလန်အင်ဂျင်နီယာ သောမတ်စ်ဒီကော့စ်တာက “ကျနော်တို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဒရုန်းဘောင်တွေကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒရုန်းမောင်းနှင်သူတွေအတွက် အဓိကစိန်ခေါ်မှုတခုကတော့ ရိုက်ကူးမှုတွေကို တိုက်ရိုက် live ထုတ်လွှင့်ရတာဖြစ်ပြီး အမှားအယွင်း လုံးဝမရှိရတာ ဖြစ်ပါတယ်။
အာဂျင်တီးနား ကင်မရာသမား အလက်ဇန်ဒရိုပတ်ထရာကိုစကီက “ပထမဆုံးအကြိမ်မှာပဲ ရိုက်ချက်က အရမ်းကောင်းရမယ်၊ ကျနော်တို့ အလွန်တိကျရပါတယ်” လို့ ပြောပါတယ်။
ဒရုန်းတွေကို အရင် အိုလံပစ်ပြိုင်ပွဲတွေမှာလည်း အသုံးပြုခဲ့ဖူးပြီး အထူးသဖြင့် ၂၀၂၄ ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာ အသုံးပြုခဲ့ပါတယ်။
အဲဒီလို ထုတ်လွှင့်မှုတွေ အလွန်အမင်း အသုံးများလာတာဟာ ပထမဆုံးဖြစ်ပြီး အထူးသဖြင့် နှင်းလျှောစီးအားကစားတွေမှာ ပြိုင်ပွဲဝင်တွေနောက်ကနေ စင်တီမီတာ အနည်းငယ်သာခွာကာ မြန်နှုန်းမြင့် ပျံသန်းရိုက်ကူးတာကိုလည်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်မတိုင်မီ FPV ဒရုန်းမောင်းနှင်သူတွေဟာ အားကစားသမားတွေနဲ့အတူ အပတ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး တနေ့ကို လမ်းကြောင်းကို အကြိမ် ၆၀ အထိ လေ့ကျင့်ပျံသန်းခဲ့ကြပါတယ်။
ဒါဟာ ပြိုင်ပွဲအတွင်း အနှောင့်အယှက် မဖြစ်စေဖို့နဲ့ အားကစားသမားတွေရဲ့ အာရုံစူးစိုက်မှုကို မထိခိုက်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
FPV ဒရုန်းမောင်းနှင်သူ ရာလ်ဖာဟိုဂန်ဘရစ်ခ်က “အခုဆိုရင် လမ်းကြောင်းကို အိပ်မက်ထဲတောင် မြင်နိုင်သလို ဖြစ်နေပြီ။ ဒါပေမဲ့ တကြိမ်ချင်း ဝင်ပျံတိုင်း အပြည့်အဝ အာရုံစိုက်ထားရပါတယ်။ အာရုံမပြောင်းရသလို မျက်တောင်တောင် မခတ်ရပါဘူး။ ရှေ့ကိုပဲ ဆက်လက်လှုပ်ရှားပြီး အာရုံစိုက်နေဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ဒရုန်းမောင်းနှင်သူတွေဟာ မြန်နှုန်းမြင့် အခြေအနေမှာ သေးငယ်တဲ့ ပျံသန်းကင်မရာတွေကို ထိန်းချုပ်နိုင်စွမ်းကြောင့် ချီးကျူးခံရပေမဲ့ ပရိသတ်တွေနဲ့ ကြည့်ရှုသူတချို့ကတော့ ဒရုန်းအသံကြောင့် အနှောင့်အယှက်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ဒါပေမဲ့ ဟိုဂန်ဘရစ်ခ်ကတော့ အဲဒီလို မြန်နှုန်းမြင့် ရိုက်ချက်တွေဟာ ထုတ်လွှင့်မှုရဲ့ တစိတ်တပိုင်း ဖြစ်လာနေပြီး အားကစားသမားတွေလည်း နှစ်သက်ကြတယ်လို့ ပြောပါတယ်။
Photo: Reuters


