
FBI ရဲ့ အလိုအရှိဆုံး မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ကနေဒါ အိုလံပစ် နှင်းလျှောစီးသမား ရိုင်ယန်ဝဒ်ဒင်းကို ဖမ်းမိထားပြီး သူ့ကို စွဲချက်တင်ဖို့ အမေရိကန်ကို ခေါ်ဆောင်လာခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ လူသတ်မှုတွေ၊ ကိုကင်းမှောင်ခိုရောင်းဝယ်မှုတွေနဲ့ ဆက်နွှယ်တဲ့ အဓိကတရားခံ ရိုင်ယန်ဝဒ်ဒင်းဟာ ဇန်နဝါရီ ၂၃ ရက်မှာ FBI အေးဂျင့်တွေ ခြံရံလိုက်ပါပြီး ကယ်လီဖိုးနီးယားရှိ အွန်တာရီယို နိုင်ငံတကာလေဆိပ်ကို လက်ထိပ်တန်းလန်းနဲ့ ရောက်ရှိလာပါတယ်။
ရိုင်ယန်ဝဒ်ဒင်းဟာ နှစ်ပေါင်းများစွာ ထွက်ပြေးနေပြီးနောက် ကြာသပတေးနေ့ ညနေပိုင်းက မက္ကဆီကိုစီးတီးမှာ ဖမ်းဆီးခဲ့တာလို့ FBI ညွှန်ကြားရေးမှူး ကက်ရှ်ပတေးလ်က လော့စ်အိန်ဂျလိစ် အရှေ့ဘက်ရှိ လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဝဒ်ဒင်းဟာ ကိုလံဘီယာနိုင်ငံမှ ကိုကင်းတွေကို မက္ကဆီကိုနိုင်ငံကနေတဆင့် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေကို တင်ပို့နေတဲ့ နိုင်ငံဖြတ်ကျော် မူးယစ်မှောင်ခိုဂိုဏ်းကို ဦးဆောင်နေသူဖြစ်ပြီး FBI ရဲ့ အလိုရှိဆုံ တရားခံ ၁၀ ယောက် စာရင်းထဲမှာ ပါဝင်ပါတယ်။
သူဟာ မက္ကဆီကိုရှိ နာမည်ကျော် ဆီနာလိုအာ မူးယစ်ဂိုဏ်းကြီးနဲ့ ပူးပေါင်းပြီး တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို လုပ်ကိုင်နေကြောင်း အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။
သူ့ရဲ့ မူးယစ်ဂိုဏ်းဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ လူသတ်မှုတွေ အများအပြားမှာလည်း ပါဝင်ပတ်သက်နေပါတယ်။
အမေရိကန်အစိုးရက သူ့ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၁၅ သန်း ပေးမယ်လို့ ကမ်းလှမ်းထားခဲ့ပေမဲ့ အခုဖမ်းဆီးမှုအတွက် ဆုငွေထုတ်ပေး မပေးကိုတော့ FBI ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ရိုင်ယန် ဝဒ်ဒင်းဟာ ကိုကင်းမှောင်ခိုကူးမှုနဲ့ ကမ္ဘာကျော် မူးယစ်ရာဇာကြီးတွေဖြစ်တဲ့ အယ်လ်ချာပိုနဲ့ ပါဘလို အက်စကိုဘာ တို့လို ခေတ်သစ်ကာလရဲ့ အကြီးဆုံး မူးယစ်ဆေးဝါးရောင်းဝယ်သူအဖြစ် FBI ညွှန်ကြားရေးမှူး ကက်ရှ်ပတေးလ်က တင်စား ဖော်ပြခဲ့ပါတယ်။
Source: Reuters


