
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျူစောထီး ပြည်သူ့စစ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်လည်းဖြစ်၊ သီတာယုမွန်ရဲ့ ခင်ပွန်းလည်းဖြစ်တဲ့ စိန်လွင်ကို ဇန်နဝါရီ ၁၄ ရက်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မနေ့ မနက် ၈ နာရီခွဲလောက်က မြင်းခြံမြို့ကနေ ကားတစီးနဲ့ ထွက်လာတဲ့ စိန်လွင်ကို မူးယစ်ဆေးဝါးအများအပြားနဲ့ မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်းမှာ ဖမ်းမိခဲ့တာလို့ မြင်းခြံခရိုင် တပ်ရင်း ၃ က သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က စိန်လွင်နဲ့ မိန်းကလေးငယ်တွေ ပုဂံဘက် အပန်းဖြေခရီး ထွက်လာချိန်မှာ ဖမ်းမိခဲ့တာလို့ DVB ကို ပြောပါတယ်။
“လမ်းမှာ အဖွဲ့တွေ စစ်ဆေးလုပ်နေချိန်မှာ ဖမ်းမိခဲ့တာပါ။ သီတာယုမွန် အမျိုးသား ဟုတ်တယ်ဆိုတာ အတည်ပြုနိုင်တယ်။ သူနဲ့အတူ မိန်းကလေးငယ်တချို့ရယ် မူးယစ်ဆေးဝါး အများအပြား ပါလာတယ်။ ပုဂံကို ဘုရားဖူးသွားဖို့ဆိုပြီး ထွက်လာကြတယ်လို့ ပြောတယ်။”
မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃ တပ်ရင်းမှူး မင်းသားက “သူတို့စီးလာတဲ့ကား၊ မူးယစ်ဆေးဝါး၊ ငွေသားတချို့နဲ့ ဖုန်းတလုံးကိုပါ ဖမ်းဆီးရမိတာပါ။ သူတို့ဘက်ကတော့ ပြန်လည်ခုခံတာ မရှိဘူး။ လက်နက်ခဲယမ်း မပါလာတာကြောင့်လည်း ဖြစ်မယ်” လို့ ပြောပါတယ်။
အမျိုးသားဖြစ်သူ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းကြောင့် မြင်းခြံမြို့အတွင်း KTV တွေ အပါအဝင် နေရာအနှံ့ကို သီတာယုမွန် အဖွဲ့ကလည်း လိုက်လံရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ် လို့လည်း ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
“သူ အလုပ်လုပ်ခဲ့ဖူးတဲ့ KTV တွေမှာ လိုက်ရှာနေတာတော့ လုပ်နေတယ်လို့ ကြားတယ်။ သူ့အမျိုးသားနဲ့အတူ အမျိုးသမီး ၂ ယောက်လည်း ပါတယ်။ သူတို့ကိုတော့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ သီတာယုမွန်ရဲ့ အမျိုးသားကတော့ သူတို့ ပြည်သူ့စစ်ကတ်ပြား အထောက်အထားတွေ ပါပါတယ်၊ ရာထူးအဆင့်နဲ့ ပြည်သူ့စစ်ဖြစ်ကြောင်း သက်သေခံကတ်ပြား။”
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး စတဲ့မြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ခုခံဖို့နဲ့ တန်ပြန် စစ်ရေးလှုပ်ရှားမှုတွေကို သီတာယုမွန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်က ပူးပေါင်းပြီး လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြင်ခြံ-တောင်သာ-နွားထိုးကြီး မြို့တွေကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းပိုင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်တပ်နဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းကာ မြေပြင်၊ ဝေဟင် စစ်ဆင်ရေး အပြင်းအထန် ပြုလုပ်ခဲ့ပြီး နေရာတချို့ကို ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။
ပြည်သူ့စစ် ဒုခေါင်းဆောင် စိန်လွင်ကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ဖမ်းဆီးပြီးနောက် စစ်ရေးအနေနဲ့ တောင်သာဘက်အခြမ်းကို စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာနိုင်တာကြောင့် ဒေသခံတွေ သတိဝီရိယရှိကြဖို့ လိုအပ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။


