
စစ်ကောင်စီတပ်ရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းမှာ အရာရှိတွေနဲ့ နည်းပြတွေကိုယ်တိုင် စစ်မှုထမ်းသင်တန်းသားတွေကို WY စိတ်ကြွဆေးပြားနဲ့ အရက်တွေကို မှောင်ခို ပြန်လည်ရောင်းချနေတယ်လို့ စစ်သုံ့ပန်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အာရက္ခတပ်တော် (AA)က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်သင်တန်းကျောင်းမှာ အရာရှိ၊ နည်းပြတွေက မူးယစ်ဆေးဝါးတွေကို မှောင်ခိုယူဆောင်ပေးပြီး စစ်မှုထမ်းတပ်သားတွေကို ရောင်းချပေးတယ်လို့ အဖမ်းခံထားရတဲ့ စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ထွက်ဆိုခဲ့ပါတယ်။
"သင်တန်း စစတက်တဲ့ နေ့ကစပြီးတော့ ပြီးတဲ့အထိ စရိုက်ဆန်တဲ့လူတွေ၊ လူမျိုးစုံ၊ စရိုက်မျိုးစုံ ပါလာတဲ့အတွက် ကျနော့်အနေနဲ့ ဒီသင်တန်းမှာ ဖြတ်ကျော်ခဲ့ရတာကတော့ တော်တော်လေး အခက်အခဲများစွာ ရှိပါတယ်။ တချို့ဆိုရင် အရက်သောက်၊ တချို့ဆိုရင် WY စိတ်ကြွ ဆေးပြားသုံး၊ တချို့ဆိုရင် ရန်ဖြစ်စကားများ နေ့တိုင်းတောက်လျှောက်လိုပါပဲ၊၊ ဒါ ကျနော်တို့ သင်တန်းသားတွေအနေနဲ့ ဒီမူးယစ်ဆေးတွေသုံးရအောင်လည်း ကျနော်တို့ ကိုယ်တိုင်လည်း ဝယ်လို့မရ၊ အပြင်လည်းထွက်လို့မရဘူး၊ အဲဒီ ကျနော်တို့ သင်တန်းသားတွေသုံးနေတဲ့ မူးယစ်ဆေးတွေကတော့ ကျနော်တို့ အဲထဲမှာရှိတဲ့အရာရှိတွေ၊ နည်းပြတွေ၊ သူတို့ကိုယ်တိုင်ကပဲ မှောင်ခိုနဲ့ သယ်ဆောင်ပေးတယ်၊၊ သယ်ဆောင်ပေးပြီးတော့ သူတို့ ကိုယ်တိုင်ကပဲ ပြန်ပြီးတော့ရောင်းပေးပါတယ်၊၊ အဲဒါကတော့ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်" လို့ စစ်မှုထမ်း တပ်သား ချစ်ကိုဇင်က ဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
သင်တန်းကာလအတွင်း စစ်တိုက်စရာမလိုတော့ဘူးလို့ အရာရှိဖြစ်သူက ပြောကြားခဲ့ပေမဲ့လည်း ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရပြီး AA ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
စစ်မြေပြင်ကို အင်အား ၁၁၈ ယောက်ပို့ဆောင်ခံခဲ့ရပြီး တလကျော်တိုက်ပွဲအတွင်း အင်အား ၅၀ ကျော်သာ ကျန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ နေထိုင်တဲ့ အဲဒီစစ်မှုထမ်းတပ်သား ချစ်ကိုဇင်ဟာ စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရမှုကြောင့် စစ်တပ်ထဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ ကို တက်ရောက်ခဲ့ရသူ ဖြစ်ပါတယ်။


