
ဧရာဝတီတိုင်း၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ ကုန်တင်ကားသမား ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဖြစ်စဉ်ကိုသိရှိသူတွေဆီက သိရပါတယ်။
အဲဒီ ကုန်တင်ကားသမား ၄ ယောက်ကို ပုသိမ်-မုံရွာ ကားလမ်းပေါ် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာ အနီးမှာ မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက အင်အား ၂၀ လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးအဖွဲ့က ကားတွေကို ရပ်တန့်စစ်ဆေးပြီး ကားတွေနဲ့အတူ ကားသမားတွေကိုပါ ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒေသခံ တယောက်က “ဘာလို့ဖမ်းတာလဲတော့ မသိဘူး။ ဖမ်းဆီးခေါ်ခံရတာ ဟုတ်တယ်။ အဖမ်းခံရတဲ့ကားတွေက ရန်ကုန်ကနေလာတဲ့ ကုန်ကားတွေလို့ သိရပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားတယ် ဆိုတာ မသိသေးဘူး။ စစ်တပ်ကဖမ်းတာလို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကားသမားတွေဟာ လေးမျက်နှာနဲ့ ပုသိမ်-မုံရွာလမ်းပေါ်က ဈေးဆိုင်တွေက မှာယူထားတဲ့ အိမ်သုံးပစ္စည်းတွေ ဆန်တွေ၊ စားသုံးဆီတွေ၊ စက်သုံးဆီတွေနဲ့ အဝတ်အထည်တွေ တင်မောင်းလာတဲ့ ကားသမားတွေ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဲဒီ ဖမ်းဆီးခံရတဲ့သူတွေက ကုန်တင်ကား ၂ စီးကို မောင်းတဲ့ ယာဉ်မောင်းအမျိုးသား ၄ ယောက်ကိုပါ၊ ကားတွေပါ သိမ်းယူထားတယ်လို့ သိရတယ်။ ပုသိမ်ဘက်ကို ဖမ်းမလာဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
အခုလို ကုန်တင်ကားသမားတွေ ဖမ်းဆီးခံရတဲ့ လေးမျက်နှာအပိုင်ထဲက စက်စက်ယိုကျေးရွာ အပါအဝင် ဒေသတချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား လတ်တလော တိုက်ပွဲဖြစ်ပွားမှုတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ လက်နက်ကိုင်အဖွဲ့တွေ ဖမ်းဆီးတဲ့ ကုန်စည်ပစ္စည်းတွေ အများစုဟာ အရပ်သားတွေ ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်သလို ကုန်ကားသမားတွေဟာလည်း ပုံမှန် ကုန်စည်သယ်ယူရေးလုပ်ငန်း လုပ်ဆောင်နေသူတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


